အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေက အကူအညီရဖို့ အမေရိကန်သွားရောက်

မြောက်ကိုရီးယားရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ဆွေမျိုးသားချင်းနှစ်ဦးဟာ အဲဒီကိစ္စ ဆောလျင်စွာဖြေရှင်းနိုင်ရေး အမေရိကန်တာဝန်ရှိသူတွေဆီကအကူအညီရဖို့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

အဲဒီဆွေမျိုးသားချင်းတွေကတော့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုတွေရဲ့အုပ်စုကို ဦးဆောင်သူ Yokota Takuya နှင့် Iizuka Koichiro တို့ဖြစ်ပါတယ်။

၁၃ နှစ်အရွယ်မှာမြောက်ကိုရီးယားသူလျှိုတွေရဲ့ ပြန်ပေးဆွဲတာကိုခံခဲ့ရတဲ့ Yokota Megumi ရဲ့ မောင်ဟာ မစ္စတာ Yokota ဖြစ်ပါတယ်။

မစ္စတာ Iizuka ကတော့ သူ အသက်တစ်နှစ်သားအရွယ်မှာ မိခင်ဖြစ်သူ Taguchi Yaeko မြောက်ကိုရီးယားတို့ရဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ စနေနေ့မှာ ဂျပန်နိုင်ငံကို ပြန်မလာမီ အစိုးရအရာရှိတွေ၊ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့သူတွေရဲ့ မိသားစုတွေအဖွဲ့က ကျန်ရှိနေသေးတဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့မိဘတွေ အသက်ရှင်နေချိန်မှာ သူတို့ပြန်ရောက်လာမယ်ဆိုရင် ဂျပန်အစိုးရက မြောက်ကိုရီးယားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းတာကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ ဆိုထားတဲ့ လုပ်ငန်းဖော်ဆောင်မှု အစီအစဉ်တစ်ခုကို ဖေဖော်ဝါရီလမှာ ပြုစုခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ဂျပန်အစိုးရကို လက်တွေ့လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ Yokota နှင့် မစ္စတာ Iizuka တို့ဟာ အဲဒီမူဝါဒအသစ်ကို ရှင်းပြမယ်လို့ တွက်ဆရပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့သူတွေ စောစီးစွာပြန်ရောက်လာရေးအတွက် အမေရိကန်ဘက်က နားလည်မှုနဲ့ ပံ့ပိုးကူညီမှုတွေရဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။

တိုကျိုမြို့ Haneda လေဆိပ်မှာ သတင်းထောက်များအား ပြောကြားရာမှာ မစ္စတာ Yokota က လွန်ခဲ့တဲ့ တစ်နှစ်ခန့်က အမေရိကန်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ဘာမှမပြောင်းလဲခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ချစ်မြတ်နိုးရသူတွေ ပြန်ရောက်မလာသေးတဲ့အချက်ကို ရင်ဆိုင်နေရဆဲဖြစ်ပြီး သူတို့တတွေ ဆက်လက်နာကျင်ခံစားနေရဆဲပဲလို့ သူက ပြောဆိုခဲ့ပါတယ်။

မစ္စတာ Yokota က အမေရိကန်လွှတ်တော်အမတ်တွေ၊ ကျွမ်းကျင်သူတွေ၊ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်ဆိုတာနဲ့ မူဝါဒသစ်နောက်ကွယ်က မိသားစုတွေရဲ့ အခြေအနေကို သူတို့တတွေ နားလည်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ Iizuka က တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ အသက်အရွယ်ကြီးရင့်နေတဲ့ ဆွေမျိုးသားချင်းတွေအတွက် အဓိပ္ပာယ်အများကြီးရှိပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို ကယ်ဆယ်ဖို့ အမေရိကန်အရာရှိတွေဆီက အကူအညီ၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ ဆက်လက်ကြိုးပမ်းရေး အရေးကြီးတယ်လို့ သူယူဆတဲ့အကြောင်း ပြောပါတယ်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း မြောက်ကိုရီးယားသူလျှိုတွေရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ နိုင်ငံသား ၁၇ ဦးထက်မနည်းရှိတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ၂၀၀၂ ခုနှစ်မှာ ငါးဦး ပြန်ရောက်လာခဲ့ပေမဲ့ ကျန် ၁၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။