ဇီဝအင်ဂျင်နီယာနည်းနဲ့ ကိုယ်အင်္ဂါအစားထိုးမှုမှာ ဖြစ်နိုင်ခြေရှိတဲ့ အဓိကအဆင့် တွေ့ရှိခဲ့တယ်လို့ သုတေသီတွေဆို

ဇီဝအင်ဂျင်နီယာနည်းနဲ့ ပြုလုပ်ထားပြီး ကြွက်တွေရဲ့ ကိုယ်ခန္ဓာမှာ အစားထိုးထားတဲ့ အဆုတ်ထဲမှာ သွေးစီးဆင်းမှုကို ဂျပန် သုတေသီတွေက အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒီအဆုတ်ကို လူသားဆဲလ်တွေကိုသုံးပြီး ဖန်တီးထားတယ်လို့ သူတို့က ပြောပါတယ်။

Tohoku တက္ကသိုလ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အသက်အရွယ်ကြီးရင့်မှုနဲ့ ကင်ဆာရောဂါဌာနက လက်ထောက်ပါမောက္ခ Suzuki Takaya နဲ့ တခြားသုတေသီတွေက ကြွက်ရဲ့အဆုတ်က ဆဲလ်အားလုံးကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကော်လာဂျင်အမျှင်တွေနဲ့ အောက်ခံအမြှေးပါးတွေကိုတော့ ဒီအတိုင်းဆက်ထားခဲ့ပါတယ်။

အဲဒီနောက်မှာ သူတို့က သွေးကြောတွေ အပါအဝင် အဆုတ်ကို ဖန်တီးဖို့ လူသားဆဲလ်တွေကို အဲဒီအောက်ခံတွေထဲ ထိုးသွင်းပြီး ဇီဝအင်ဂျင်နီယာနည်းနဲ့ဖန်တီးလိုက်တဲ့ အင်္ဂါအစိတ်အပိုင်းကို တခြားကြွက်တွေထဲသို့ အစားထိုးခဲ့တယ်လို့ အဲဒီ သုတေသီအုပ်စုက ပြောပါတယ်။

အဆုတ်လို လူကဖန်တီးဖို့ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတယ်လို့ သုတေသီတွေက ပြောပါတယ်။

သူတို့ရဲ့ လေ့လာမှုနဲ့ တီထွင်ထားတဲ့ ကြွက်အတွက်အရွယ်အစား အဆုတ်ဆိုင်ရာ ဇီဝအင်ဂျင်နီယာပုံစံဟာ အနာဂတ်မှာ ပိုပြီးကြီးမားတဲ့ လူသားအရွယ်အစား ခန္ဓာကိုယ် ဇီဝအင်ဂျင်နီယာဖန်တီးမှုအထိ အဆင့်မြှင့်တင်ရေးကို အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။

နို့တိုက်သတ္တဝါတွေရဲ့ အဆုတ်တည်ဆောက်ပုံဟာ ကြွက်၊ ဝက်နဲ့ လူသားအပါအဝင် မျိုးစိတ်အများအပြားမှာ အခြေခံအားဖြင့် တူညီတယ်လို့ မစ္စတာ Suzuki က ပြောပါတယ်။ ဒီပုံစံသစ်ဟာ ဇီဝအင်ဂျင်နီယာနည်းနဲ့ ဖန်တီးထားတဲ့အဆုတ်ကို လူသားတွေမှာ အစားထိုးရေးအတွက် အရွယ်အစားပိုကြီးတဲ့ ဝက်နဲ့ တခြားတိရစ္ဆာန်တွေကို အသုံးပြုပြီး သုတေသနလုပ်ဖို့ အရေးမှာ အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ သူကယုံကြည်နေပါတယ်။