ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်တို့ ဆွေးနွေး

အမေရိကန်သမ္မတJoe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ဟာ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်း ဓားစာခံတွေလွတ်မြောက်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ စနေနေ့က တယ်လီဖုန်ဆက်သွယ်ပြောဆိုမှုအတွင်း အစ္စရေးနဲ့ အစ္စလာမစ်အုပ်စု ဟားမတ်စ်တို့အကြား စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်ကစပြီး မြောက်ပိုင်းဖြတ်ကျော်စခန်းသစ်တစ်ခု ဖွင့်လှစ်ဖို့ ပြင်ဆင်မှုတွေ အပါအဝင် ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးပို့ရေးတွေကိုလည်း မစ္စတာ Biden နဲ့ မစ္စတာ Netanyahu တို့ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ Biden က "ဒီတိုးတက်မှုကို ရေရှည်တည်တံ့စေဖို့နဲ့ တိုးချဲ့ဖို့ လိုအပ်တယ်" လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲဆက်လက်ဆင်နွှဲမယ့် အစီအစဉ်တွေကို အစ္စရေးစစ်တပ်က အတည်ပြုလိုက်တဲ့အကြား အမေရိကန်သမ္မတက သူ့ရဲ့ ပြတ်သားတဲ့ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ တောင်ပိုင်းက Rafah မြို့ကို မြေပြင်ထိုးစစ်အတွက် ပြင်ဆင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယူဆရပါတယ်။

မစ္စတာ Biden က Rafah မှာ အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်တယ်လို့ ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီစိုးရိမ်မှုတွေကို ပြောဆိုဆွေးနွေးမှုအတွင်း မစ္စတာ Biden က အစ္စရေးဝန်ကြီးချုပ်ကို ပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အခုလအစောပိုင်းက အီရန်ရဲ့ မကြုံစဖူး ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုတွေကို အောင်မြင်စွာ ခုခံကာကွယ်ပြီးနောက် အစ္စရေးရဲ့ လုံခြုံရေးအတွက် သူ့ရဲ့ ခိုင်မာတဲ့ကတိကဝတ်ကို သမ္မတ Biden က ထပ်မံအတည်ပြုခဲ့ပါတယ်။