Elon Musk နဲ့ တွေ့ဆုံချိန်မှာ တရုတ် ဝန်ကြီးချုပ်က နိုင်ငံခြားကုမ္ပဏီတွေကို ထောက်ပံ့ဖို့ ကတိပြုခဲ့

တရုတ်ဝန်ကြီးချုပ် Li Qiang ဟာ ​​အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk နဲ့ တနင်္ဂနွေနေ့က တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့ မစ္စတာ Li က အလေးပေးပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က တရုတ်နိုင်ငံမှာ Tesla ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို သူ့နိုင်ငံရဲ့ အမေရိကန်နဲ့အကြား စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှု ဥပမာတစ်ခုအဖြစ် ချီးကျူးပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးမှာ ရေရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့ တရုတ်ရဲ့ ရည်ရွယ်ချက်ကို မစ္စတာ Li က အလေးပေးပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ကြီးမားတဲ့ဈေးကွက်ဟာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို အမြဲတမ်း တံခါးဖွင့်ထားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံရာမှာ စိတ်အေးလက်အေးရှိစေဖို့ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

မစ္စတာ Musk ဟာ ရှန်ဟိုင်းက Tesla စက်ရုံကို သူ့ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် ချီးကျူးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့ ရလဒ်တွေ ရရှိဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာရေး နောက်ထပ်ခြေလှမ်း လှမ်းဖို့ သူ့ရဲ့ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီက ဆန္ဒရှိနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မစ္စတာ Musk ဟာ တရုတ်နိုင်ငံမှာ လုံးဝ အလိုအလျောက်မောင်းနှင်မှု (FSD) ဆော့ဖ်ဝဲကို စတင်အသုံးပြုရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း အမေရိကန်နဲ့ ဥရောပမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မစ္စတာ Li ဟာ သူ ရှန်ဟိုင်းရဲ့ ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိဖြစ်ခဲ့ချိန်တုန်းက မစ္စတ Musk နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန်က မစ္စတာ Li ဟာ Tesla ရဲ့ အမေရိကပြင်ပ ပထမဆုံးစက်ရုံကို ရှန်ဟိုင်းမှာ တည်ဆောက်ဖို့အတွက် သဘောတူညီချက်တစ်ခုအပါအဝင် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

အခုအခါမှာ တရုတ်အစိုးရဟာ ခေတ်မီနည်းပညာနဲ့ တခြားနယ်ပယ်တွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ သဘောထားကွဲနေပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာအပေါ် မသေချာမရေရာမှု အရိပ်မည်းတွေ လွှမ်းခြုံနေပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့စီးပွားရေး နိုးထလာစေရေး အထောက်အကူဖြစ်စေဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့တာဖြစ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။