ဂျပန်ရဲ့ အဓိကအတိုက်အခံ CDP ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၃ ခုတွင် အနိုင်ရ

ဂျပန်မှာ အောက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲသုံးခုကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ အဓိကအတိုက်အခံ ကွန်စတီးကျူးရှင်နယ် ဒီမိုကရက်တစ်ပါတီ (CDP) ကိုယ်စားလှယ်တွေဟာ အမတ်နေရာ သုံးခုစလုံးမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီရလဒ်တွေက ၀န်ကြီးချုပ် Kishida Fumio ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုရှိမယ်ဟု တွက်ဆရတယ်။

အဲဒီကြားဖြတ်ရွေးကောက်ပွဲတွေကို တိုကျို၊ ရှီမာ့နဲ၊ နာဂစာကိခရိုင်တွေမှာ ကျင်းပခဲ့ပါတယ်။

ရှီမာ့နဲခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေမှာ အတိုက်အခံ CDP ကိုယ်စားလှယ်ဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကိုယ်စားလှယ်ကို အနိုင်ရခဲ့ပါတယ်။

မဲဝယ်မှုစွပ်စွဲချက်တွေကြောင့် လက်ထောက်တရားရေးဝန်ကြီးဟောင်းတစ်ဦး ရာထူးကနေ နုတ်ထွက်ပြီးနောက် တိုကျို အမှတ် ၁၅ မဲဆန္ဒနယ်မြေရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ CDP ကိုယ်စားလှယ် အနိုင်ရခဲ့ပါတယ်။ LDP က အဲဒီနေရာအတွက် ပါဝင်ယှဉ်ပြိုင်မှုမပြုခဲ့ပါဘူး။
LDP ဟာ Nagasaki ခရိုင် အမှတ် ၃ မဲဆန္ဒနယ်မြေမှာလည်း ဝင်မပြိုင်ခဲ့ပါဘူး။ နိုင်ငံရေး ရန်ပုံငွေအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တစ်ဦး ရာထူးက နုတ်ထွက်သွားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ပါတီတာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုတချို့ဖြစ်ပါတယ်။

CDP ဥက္ကဌ Izumi Kenta က "ကြားဖြတ်ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ စမ်းသပ်မှုတစ်ခုပါ။ ဂျပန်နိုင်ငံတဝှမ်းမှာ သူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြသလိုတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ LDP ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ မတိုးတက်ဘူးဆိုရင် ကျနော်တို့ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု တောင်းခံရမှာပဲဖြစ်တယ်" လို့ပြောပါတယ်။

LDP အထွေထွေအတွင်းရေးမှူး Motegi Toshimitsu က "ရလဒ်တွေကို ကျနော်တို့လက်ခံရမယ်။ ပြုပြင်ပြောင်းလဲမှုအတွက် မမောမပန်းလုပ်ဆောင်ပြီး လူထုရဲ့ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ" လို့ ပြောပါတယ်။

LDP ရန်ပုံငွေရှာဖွေမှုအရှုပ်တော်ပုံ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ လူသိရှင်ကြား ပေါ်ထွက်လာပြီးနောက်ပိုင်း ဒီကြားဖြတ်ရွေးကောက်ပွဲတွေဟာ ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။ အခုလအစောပိုင်းမှာ LDP ဟာ ရန်ပုံငွေရှာဖွေရေးပွဲလက်မှတ်တွေရောင်းချမှုကနေ ဖြတ်စားလျှပ်စားငွေရခဲ့တဲ့ အဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကို အပြစ်ပေးခဲ့ပေမဲ့ ဝင်ငွေကိုတော့ ရှင်းရှင်းလင်းလင်း မကြေငြာခဲ့ပါဘူး။