ငလျင်ဘေးသင့် Suzu မြို့မှာ ပင်လယ်ပြင်ရှုခင်းသာစခန်း ပြန်ဖွင့်

ဂျပန်အလယ်ပိုင်း Ishikawa ခရိုင် Suzu မြို့မှာ နှစ်ဆန်းတစ်ရက်နေ့က ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီးနောက် ၄ လနီးပါးကြာ ပိတ်ထားခဲ့တဲ့ ပင်လယ်ပြင်ရှုခင်းသာစခန်းတစ်ခုကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဂျပန်ရဲ့ နွေဦးအားလပ်ရက်ရာသီ စတင်ချိန်နဲ့ ကိုက်ပြီး အငူတစ်ခုမှာ ရှိတဲ့ အဲဒီရှုခင်းသာကုန်းပတ်ကို စနေနေ့က ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဂျပန်ပင်လယ်ရဲ့ ရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ရောက်နေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ မြို့ကို ရောက်နေတဲ့ တခြားသူတွေအနေနဲ့ ဒေသရဲ့ သဘာဝအလှကို ခံစားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဒီက တာဝန်ရှိသူက ပြောပါတယ်။

ငလျင်ကြောင့် ကုန်းပတ်ဟာ အနည်းငယ်သာ ပျက်စီးခဲ့ပေမဲ့ ငလျင်လှုပ်ပြီးတဲ့နောက် ပင်လယ်ကြမ်းပြင်ကြွတက်လာတဲ့အတွက် တချို့ကျောက်ဆောင်တွေဟာ အရင်ကထက် ၁.၅ မီတာ ပိုမြင့်လာတယ်လို့ သူတို့က ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ လာရောက်လည်ပတ်သူ အများအပြားဟာ အဲဒီမှာ သာယာတဲ့ ရှုခင်းတွေကို ကြည့်ရှူခံစားနေကြပါတယ်။

ငလျင်ဒဏ်ကို လေ့လာဖို့ အဲဒီဒေသကို ရောက်နေတဲ့ အမျိုးသားတစ်ဦးက အားလပ်ရက်မှာ ကုန်းပတ်ဆီ ရောက်လာပြီး လှပတဲ့ ရှုခင်းကို ရှုမြင်ရတာဟာ သူ့ကို လန်းဆန်းစေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီရဲ့ ဥက္ကဌ Tone Shuichi က မြို့ကို လူတွေများများ လာရောက်ကူညီတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီဒေသမှာ သူတို့ ကြည်နူးခံစားနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရှုခင်းနေရာတွေ ရှိတယ်ဆိုတာ သိစေချင်တယ်လို့လည်း ပြောသွားပါတယ်။