အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ဂါဇာက စာသင်ကျောင်းတွေရဲ့ ထက်ဝက် တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသက စာသင်ကျောင်း ၈၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ နိုင်ငံတကာ NGO ဖြစ်တဲ့ Save the Children တို့ဟာ အဲဒီအစီရင်ခံစာကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ အောက်တိုဘာလက စပြီး ဂြိုလ်တုဓာတ်ပုံတွေနဲ့ တခြားအချက်အလက်တွေကို သုံးပြီး ကျောင်းတွေရဲ့ ပျက်စီးမှုအတိုင်းအတာကို လေ့လာသုံးသပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာက စာသင်ကျောင်း ၈၁၃ ကျောင်းရဲ့ ၄၈ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲက အနည်းဆုံး ၅၉ ကျောင်းဟာ လုံးဝ ပျက်စီးသွားခဲ့ပြီး ပညာရေး ပြန်လည်စတင်နိုင်ဖို့အတွက် အပြည့်အဝ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။

စာသင်ကျောင်း ၂၀၀ ဟာ တိုက်ရိုက်ထိမှန်ခြင်း မရှိပေမဲ့ ကစားကွင်းလိုမျိုး ကျောင်းရဲ့ အစိတ်အပိုင်းတွေဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့လည်း အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ကျောင်းဝင်းထဲမှာ အစ္စရေးတင့်ကားတွေ ရှိနေတာကို မြင်တွေ့ရတဲ့ ဂြိုလ်တုဓာတ်ပုံတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ကျောင်းအဆောက်အအုံတွေကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက အသုံးပြုနေတယ်ဆိုတာကို ပြသတဲ့ အထောက်အထားဖြစ်တယ်လို့လည်း ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ ပညာရေးအဖွဲ့အစည်းတွေ ဘေးကင်းစေဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို ဆောင်ရွက်ရေး အဲဒီအစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

အစ္စရေးဟာ စနေနေ့က ဂါဇာကို လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၃၂ ဦး သေဆုံးခဲ့ပြီး ဒါနဲ့ဆိုရင် အောက်တိုဘာလနောက်ပိုင်း သေဆုံးသူအရေအတွက်စုစုပေါင်းဟာ ၃၄,၃၈၈ ဦးအထိ ရှိလာခဲ့တယ်လို့ ဂါဇာဒေသ အများပြည်သူကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

အပစ်အခတ် ခေတ္တရပ်ဆိုင်းရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အီဂျစ်နဲ့ တခြားသူတွေက ကြားဝင်စေ့စပ်ပေးနေပါတယ်။ ဒါပေမဲ့ ဂါဇာဒေသခံ အများအပြား တိမ်းရှောင်ခိုလှုံနေတဲ့ ဂါဇာတောင်ပိုင်းမှာ အစ္စရေးက မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတာကြောင့် အခြေအနေ တင်းမာနေဆဲဖြစ်ပါတယ်။