ရုရှားက ယူကရိန်းဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားနေပြီး ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်

ရုရှားစစ်တပ်ဟာ သောကြာနေ့နှောင်းပိုင်းကနေ စနေနေ့အစောပိုင်းအထိ ယူကရိန်းအရှေ့ပိုင်း Dnipropetrovsk ဒေသနဲ့ တခြားနေရာတွေက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ဓာတ်အားပေးစက်ရုံ ၄ ခုကို အကြီးအကျယ် ပျက်စီးစေခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတောအတွင်း ယူကရိန်းစစ်တပ်ဟာ ရုရှားက ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းဒရုန်းယာဉ်ရဲ့ တိုက်ခိုက်တာကို ခံရပြီးနောက် ရုရှားနိုင်ငံ Krasnodar ဒေသက ရေနံချက်စက်ရုံက လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားရကြောင်း ရုရှားသတင်းဌာန Interfax က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းမီဒီယာတစ်ခုက အဲဒီတိုက်ခိုက်မှုကို ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအေဂျင်စီက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထောက်လှမ်းရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို စစ်ရေးအရ ဆက်လက်ကျူးကျော်နေဆဲ ဖြစ်ပြီး ယူကရိန်းစစ်ပွဲကနေ ပြန်လာတဲ့ စစ်သားတွေဟာ အကြမ်းဖက် ရာဇ၀တ်မှု အများအပြားကို ကျူးလွန်ခဲ့ကြတယ်လို့ ရုရှားက လွတ်လပ်တဲ့ မီဒီယာ Verstka က ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီမီဒီယာဟာ သတင်းအစီရင်ခံချက်တွေနဲ့ တရားစီရင်မှု မှတ်တမ်းတွေက ရရှိတဲ့ အများပြည်သူဆိုင်ရာ သတင်းအချက်အလတ်တွေကို စုဆောင်းခဲ့ပါတယ်။ လူ ၇၆ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ လူသတ်မှုပေါင်း ၅၅ မှု ရှိခဲ့ပြီး ဒါတွေကို ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ရုရှားစစ်မှုထမ်းဟောင်းတွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် စစ်ရေးဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီ Wagner Group ဟာ အကျဉ်းသားတွေကို စစ်မှုထမ်းစေခဲ့ပြီး ၆ လကြာ တိုက်ခိုက်ပေးရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ သူတို့ကို ပြောခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူ ၄၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့တဲ့ အကျဉ်းသားဟောင်းစစ်သားတွေက သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီမီဒီယာက ဆိုပါတယ်။

အဲဒီလို ရာဇ၀တ်မှုအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။