ဖူကုရှီမ အမှတ် (၁) နျူကလီးယားဓာတ်အားပေးစက်ရုံက ညစ်ညမ်းတဲ့ ရေတွေဟာ အများဆုံးစုပြုံခဲ့ချိန်က ပမာဏရဲ့ ၆ ပုံ ၁ ပုံအထိ လျော့ကျ

ပျက်စီးနေတဲ့ ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲ့တဲ့ ကုမ္ပဏီက ညစ်ညမ်းတဲ့ ရေတွေ စီးဆင်းတာကို ထိန်းချုပ်ရေး ရည်မှန်းချက် အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။
အခုအခါ အဲဒီရေတွေရဲ့ တစ်နေ့တာပမာဏဟာ အများဆုံးစုပြုံခဲ့တဲ့ ကာလတုန်းက ပမာဏရဲ့ ၆ ပုံ ၁ ပုံအောက် ရောက်ရှိနေပြီလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ အင်အားပြင်းငလျင်နဲ့ ဆူနာမီ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဲဒီစက်ရုံထဲမှာ နျူကလီးယားအရည်ပျော်မှု ၃ ခု ဖြစ်ပွားခဲ့ပြီး အဲဒီကတည်းက ညစ်ညမ်းတဲ့ ရေတွေဟာ စက်ရုံထဲမှာ စုပြုံလာခဲ့ပါတယ်။

နျူကလီးယားလောင်စာတွေကို အအေးခံရာမှာ အသုံးပြုတဲ့ ရေဟာ ပျက်စီးနေတဲ့ ဓာတ်ပေါင်းဖိုအဆောက်အအုံတွေထဲ စီးဝင်သွားတဲ့ မိုးရေ၊ မြေအောက်ရေတို့နဲ့ ရောနှောရာက ညစ်ညမ်းတဲ့ ရေတွေ စုပြုံလာတာပါ။

အခုနှစ် မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စုပြုံလာတဲ့ အဲဒီရေတွေရဲ့ တစ်နေ့တာ ပျမ်းမျှပမာဏဟာ တန်ချိန် ၈၀ လောက် ရှိတယ်လို့ အဲဒီစက်ရုံကို စီမံခန့်ခွဲတဲ့ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ပြောပါတယ်။

အမြင့်ဆုံး တစ်နေ့တာ ပျမ်းမျှပမာဏကို ၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ တွေ့ရှိခဲ့ရပြီး အဲဒီအချိန်က တန်ချိန် ၄၉၀ ရှိခဲ့ပါတယ်။

အခုလို လျော့နည်းလာရခြင်းဟာ အဆောက်အအုံရဲ့ ဘေးပတ်ပတ်လည်က မြေမျက်နှာပြင်ကို ကွန်ကရစ်နဲ့ ဖုံးအုပ်ခြင်းအားဖြင့် မိုးရေနဲ့ မြေအောက်ရေတွေရဲ့ ဝင်ရောက်မှုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တစ်နှစ်တာမိုးရေချိန်ဟာ ပျမ်းမျှထက် လျော့နည်းခဲ့တယ်လို့ TEPCO က ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ပုံမှန်မိုးရွာသွန်းရင်လည်း တစ်နေ့တာ စုပြုံလာတဲ့ ရေပမာဏဟာ တန်ချိန် ၉၀ ထက် မပိုနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

အစိုးရနဲ့ TEPCO ဟာ စက်ရုံဖျက်သိမ်းရေးအချိန်ဇယားထဲက ရည်မှန်းချက်တစ်ခုကို အကောင်အထော်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပြီး အဲဒါဟာ ညစ်ညမ်းရေရဲ့ တစ်နေ့တာပမာဏကို ၂၀၂၅ ခုနှစ်မတိုင်မီ တန်ချိန် ၁၀၀ အောက်မှာ ထိန်းထားနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီရေတွေရဲ့ စုပြုံမှု လုံးဝရပ်တန့်သွားမယ့် အလားအလာတော့ မရှိပါဘူး။

TEPCO က ၂၀၂၉ ခုနှစ် ဧပြီလမတိုင်မီ တစ်နေ့တာ ညစ်ညမ်းရေပမာဏကို တန်ချိန် ၇၀ အောက် လျှော့ချနိုင်ဖို့အတွက် အဆောက်အအုံတွေရဲ့ အပေါ်ကနေ ကြီးမားတဲ့ အမိုးအကာတွေ တပ်ဆင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။