ဂျပန်ပြည်သူတွေ အားလပ်ရက်ခရီးသွားဖို့ ဆုံးဖြတ်ရာမှာ ယန်းငွေတန်ဖိုး ကျဆင်းခြင်းရဲ့ သက်ရောက်မှုတွေ ရှိနေ

ဂျပန်မှာ နွေဦးရာသီအားလပ်ရက်တွေ စတင်နေပြီဖြစ်ပါတယ်။ နယူးယောက်‌ဈေးကွက်မှာ ဂျပန်ယန်းငွေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၃၄ နှစ်အတွင်း စံချိန်တင်အနိမ့်ဆုံး ဖြစ်ခဲ့ပြီး ၁ ဒေါ်လာကို ၁၅၈ ယန်း ဝန်းကျင်လောက်အထိ ခေတ္တကျဆင်းသွားခဲ့ပါတယ်။ အဲဒီလို ဂျပန်ယန်းငွေ စျေးချိုသာမှုဟာ ဂျပန်က ခရီးသွားနေရာတွေကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက် အကျိုးပိုများစေပါတယ်။

သမိုင်းဝင်မြို့လေးတစ်မြို့ဖြစ်တဲ့ Kawagoe မြို့ဟာ တိုကျိုမြို့လယ်ကနေ တစ်နာရီလောက် အကွာမှာ ရှိပါတယ်။ အဲဒီမြို့က ဂိုဒေါင်နဲ့ ဆင်တူတဲ့ ရိုးရာလူနေအိမ်တွေဟာ ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

အခုချိန်မှာ ယန်းငွေတန်ဖိုး ကျဆင်းမှုဟာ ဂျပန်ကို လာတဲ့ ပြည်ပခရီးသွားတွေကို ဂျပန်မှာ ပျော်ပျော်ရွှင်ရွှင် အပန်းဖြေလည်ပတ်စေဖို့အတွက် ပိုပြီး အကြောင်းဖန်လာနေပါတယ်။

နိုင်ငံခြားသားခရီးသွားတစ်ဦးက ယန်းငွေစျေးကျခြင်းကြောင့် ဂျပန်ရောက်တုန်း နေရာပိုများများ သွားလည်နိုင်သလို စျေးဝယ်ဖို့ ပိုလွယ်ကူစေတယ်လို့ NHK ကို ပြောပါတယ်။

နိုင်ငံခြားသားခရီးသွားတွေက ပြုံးနိုင်ကြပေမဲ့ ဂျပန်က ခရီးသွားတွေအတွက်တော့ အဲဒီလို ခံစားနိုင်ဖို့ ခက်နေပါတယ်။

အိမ်ထောင်ပြုခါစ အမျိုးသမီးတစ်ဦးက "ကျွန်မ နိုင်ငံခြားခရီးထွက်ချင်ပေမဲ့ အခုချိန်မှာ သိပ်မလွယ်ဘူး" လို့ ဆိုပါတယ်။

ဂျပန်စုံတွဲတစ်တွဲကလည်း ဟာဝိုင်ယီမှာ တစ်ပတ်ကြာနေထိုင်နေခဲ့တဲ့အချိန်မှာ ငွေလဲနှုန်းကွာဟမှုကို လက်တွေ့ခံစားခဲ့ရပါတယ်။

"ကျွန်မတို့ တခါတလေ မနက်စာ ရှောင်ပြီး နေ့လည်စာနဲ့ ပေါင်းစားခဲ့ရတယ်။ ထမင်းစားစရိတ် သက်သာအောင်လေ" လို့ သူက ပြောပါတယ်။ "တခါတလေ မနက်စာကို ဂျပန်က ယူလာတဲ့ အသင့်စား အစားအစာတွေပဲ စားခဲ့ပါတယ်။ တကယ်လို့ ‌ငွေလဲနှုန်း ဒီထက် နည်းနည်းပိုကောင်းခဲ့ရင် ခရီးစရိတ် ပိုသက်သာလိမ့်မယ်။" လို့လည်း သူက ပြောပါတယ်။

ခရီးသွားလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ JTB ရဲ့ စစ်တမ်းတစ်ခုအရ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းကျော်ဟာ ညအိပ်ခရီး‌မထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖြေခဲ့ကြောင်း တွေ့ရပါတယ်။ မနှစ်ကထက်စာရင် ငွေကြေးအခက်အခဲတွေ ရှိတယ်လို့ ပြောတဲ့သူ ပိုများလာကြောင်း စစ်တမ်းမှာ တွေ့ရှိထားပါတယ်။