Chornobyl နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှု ၃၈ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ အခမ်းအနား ကျင်းပ

သောကြာနေ့က ယူကရိန်းမြောက်ပိုင်းမှာ ၁၉၈၆ ခုနှစ် Chornobyl နျူကလီးယားမတော်တဆမှုကြောင့် သေဆုံးခဲ့သူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

အခမ်းအနားတက်ရောက်သူတွေဟာ အထိမ်းအမှတ်ကျောက်တိုင်မှာ ပန်းစည်းချပြီးနောက် ယူကရိန်းထိပ်တန်းကောင်စီရဲ့ သဘာဝပတ်ဝန်းကျင်မူဝါဒကော်မတီဥက္ကဋ္ဌ Oleh Bondarenko က Chornobyl စက်ရုံမှာ မီးငြိမ်းသတ်ခဲ့သူတွေကို ချီးမွမ်းပြောဆိုပြီး သူတို့ဟာ ကမ္ဘာကြီးကို ရေဒီယိုဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ လူမှုကွန်ရက်ပေါ်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို လွတ်မြောက်စေဖို့နဲ့ ယူကရိန်းရဲ့ နျူကလီးယားအဆောက်အအုံတွေ အားလုံးကို ကာကွယ်ဖို့အတွက် "တစ်ကမ္ဘာလုံးအနေနဲ့ ရုရှားကို ဖိအားပေးဖို့ တာဝန်ရှိတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။ "ဒါဟာ ရေဒီယိုဓာတ်ရောင်ခြည်ဆိုင်ရာ ဘေးအန္တရာယ်အသစ်တွေကို တားဆီးကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်" လို့ သူက ပြောပါတယ်။

ဧပြီလအစောပိုင်းမှာ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံဟာ သုံးရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ဒရုန်းယာဉ်နဲ့ အဲဒီလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှားက ဆိုပါတယ်။ ဒါပေမဲ့ ရုရှားဟာ အဲဒီတိုက်ခိုက်မှုအတွက် ယူကရိန်းမှာ တာဝန်ရှိတယ်လို့ အများက ထင်မြင်လာအောင် ကြံဖန်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။