ယူကရိန်းအတွက် ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိတဲ့ လုံခြုံရေးအထောက်အပံ့ အစီအစဉ် အမေရိက ကြေညာ

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းအတွက် အခုအချိန်အထိ "အများဆုံး" လို့ သူကဆိုတဲ့ ဒေါ်လာ ၆ ဘီလီယံအထိရှိတဲ့နောက်ထပ် စစ်ရေးအကူအညီကို ပေးအပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားက ယူကရိန်းအပေါ် ဆက်လက်ကျူးကျော်နေတဲ့အတောအတွင်း ယူကရိန်းကို စစ်ရေးအရ ပံ့ပိုးကူညီရေး နိုင်ငံတွေ ဆွေးနွေးခဲ့တဲ့ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ပြီးနောက် မစ္စတာ Austin က သောကြာနေ့မှာ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ရှေ့တန်းစစ်မြေပြင်မှာ မလုံမလောက်ဖြစ်နေတဲ့ အမြောက်ကျည်ဆန်တွေနဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။

လွှတ်တော်မှာ လအတန်ကြာ သဘောထားကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် ယူကရိန်းအတွက် အကူအညီတွေ အပါအဝင် အရေးပေါ်ဘတ်ဂျက်ဥပဒေမူကြမ်းကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ Joe Biden က လက်မှတ်ရေးထိုးခဲ့ပြီးနောက် အခုလို လုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

Biden အစိုးရဟာ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် တန်ဖိုးရှိတဲ့ အစီအစဉ်တစ်ခုကို ကြေညာခဲ့ပြီးနောက်မှာ ဒါဟာ အခုသီတင်းပတ်အတွင်း ဒုတိယမြောက် ယူကရိန်းအတွက် စစ်ရေးအကူအညီ အစီအစဉ်ဖြစ်ပါတယ်။