Gaza မှာ သေဆုံးသွားတဲ့မိခင်ဆီက ကယ်တင်မွေးဖွားပေးခဲ့တဲ့ ကလေးငယ် သေဆုံး

ဂါဇာကမ်းမြှောင်တောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ သားအိမ်ကနေ မွေးဖွားကယ်တင်ပေးခဲ့တဲ့ ကလေးငယ်တစ်ဦးဟာ မွေးပြီး ၄ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

ကြာသပတေးနေ့က အဲဒီ ကလေးငယ် မိန်းကလေး သေဆုံးသွားခဲ့တယ်လို့ ဗြိတိန်သတင်းဌာန BBC က ဖော်ပြခဲ့ပါတယ်။ Rafah မြို့က ဆေးရုံတစ်ရုံမှာ တနင်္ဂနွေနေ့တုန်းက သူ့ကို အရေးပေါ် ဗိုက်ခွဲမွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

ကလေးဟာ မွေးဖွားချိန်က ကိုယ်အလေးချိန် ၁.၄ ကီလိုဂရမ်သာရှိခဲ့ပြီး အသက်ရှုခက်ခဲမှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း၊ သေဆုံးပြီးတဲ့နောက်မှာ မိခင်ရဲ့ဘေးမှာ မြှုပ်နှံခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြပါတယ်။

ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်မှာ သောကြာနေ့က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ပဋိပက္ခစတင်ကတည်းက သေဆုံးသူအရေအတွက် ၃၄,၃၅၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက Rafah မှာ မြေပြင်ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေတာကိုပြသနေပြီး ဟားမတ်စ်တွေကို လုံးဝဖျက်ဆီးပစ်ဖို့ ရည်ရွယ်တယ်လို့ သူတို့က ဆိုနေပါတယ်။ အခုအခါ Rafah မှာ ဂါဇာကမ်းမြှောင်ဒေသရဲ့ တခြားနေရာတွေကနေ ရွှေ့ပြောင်းတိမ်းရှောင်လာသူတွေ အပါအဝင် လူ ၁.၂ သန်း လောက် ရှိနေပါတယ်။

လူတချို့က Rafah ကနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ Gaza ကမ်းမြောင်အလယ်ပိုင်း Deir al-Balah ကနေ တိမ်းရှောင်လာသူတွေက အဝတ်အပိုင်းအစတွေ ပလတ်စတစ်အပြားတွေကို အသုံးပြုပြီး တဲထိုးနေကြတာကို ဗီဒီယိုမှတ်တမ်းမှာ မြင်တွေ့ရပါတယ်။

Rafah က မြေပြင်စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ ယာယီရပ်ဆိုင်းဖို့နဲ့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးညှိနှိုင်းမှုတွေ ပြန်လည်စတင်‌‌ရေး ဆွေး‌နွေးဖို့ အီဂျစ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ သောကြာနေ့တုန်းက အစ္စရေးကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။