BOJ ဆုံးဖြတ်ချက် နောက်ပိုင်းမှာ ယန်းငွေ ပိုပြီးအားပျော့လာမှာကို ဂျပန်စီးပွားရေးခေါင်းဆောင်တွေ စိုးရိမ်နေ

အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ဂျပန်ယန်းငွေတန်ဖိုးဟာ သောကြာနေ့မှာ ထပ်မံကျဆင်းခဲ့တဲ့နောက် ဂျပန်ဗဟိုဘဏ် (BOJ ) အနေနဲ့ ပြုပြင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဂျပန်က စီးပွားရေးခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုတွေ တိုးမြင့်လာနေပါတယ်။ BOJ က သူ့ရဲ့ငွေကြေးမူဝါဒကို မပြောင်းလဲဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တဲ့နောက်မှာ အဲဒီလို ယန်းငွေတန်ဖိုး ကျဆင်းလာတာ ဖြစ်ပါတယ်။

BOJ က သူ့ရဲ့ ရေတိုအတိုးနှုန်းကို သုည ကနေ ၀.၁ ရာခိုင်နှုန်းအတွင်း ထိန်းထားတာကို ရုပ်သိမ်းတဲ့ မတ်လမှာ ချမှတ်ခဲ့တဲ့ မူဝါဒကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကို ဆက်ပြီး ထိန်းသိမ်းထားမယ်လို့ BOJ က ဆိုပါတယ်။

BOJ ဥက္ကဋ္ဌ Ueda Kazuo က သောကြာနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အားပျော့တဲ့ ယန်းငွေဟာ ဂျပန်နိုင်ငံရဲ့ အခြေခံ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

BOJ က လတ်တလောမှာ သူ့ရဲ့ ငွေကြေးဖြေလျှော့ရေး မူဝါဒကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မစ္စတာ Ueda က အားလုံးခြုံငုံထားတဲ့ စျေးနှုန်းတွေအပေါ်မှာ အားပျော့တဲ့ ယန်းငွေရဲ့ သက်ရောက်မှုဟာ လျစ်လျူမရှုနိုင်တဲ့အဆင့်ကို ရောက်ရှိလာမယ်ဆိုရင် ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရေးအတွက် အခြေခံအချက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားတာ ဒါမှမဟုတ် အသုံးချတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မှတ်ချက်ကို ယန်းငွေတန်ဖိုးကျဆင်းတာကို ထိန်းထားဖို့ ခိုင်မာတဲ့သတင်းစကားအဖြစ် မမှတ်ယူကြဘဲ ရင်းနှီးမြှုပ်နှံသူတွေက ယန်းငွေကို ထုတ်ရောင်းလာခဲ့ကြပါတယ်။

ယန်းငွေဟာ ၃၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ဆက်လက်ရောက်ရှိနေတာကြောင့် အရောင်းအဝယ်လုပ်သူတွေက အစိုးရနဲ့ BOJ တို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ စျေးကွက်ဝင်ရောက်စွက်ဖက်မှုကို သတိထား စောင့်ကြည့်နေကြပါတယ်။