ကာဗွန်ဓာတ်ငွေ့လျှော့ချရေးဆိုင်ရာ နှစ်နိုင်ငံမူဘောင်ကို ဂျပန်နဲ့ ဘရာဇီး လေ့လာနေ

ကာဗွန်ဓာတ်ငွေ့ လျှော့ချရေးနယ်ပယ်မှာ နှစ်နိုင်ငံ မူဘောင်တစ်ခု ထူထောင်ဖို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva တို့က စီစဉ်နေပါတယ်။

မစ္စတာ Kishida ဟာ မေလ ၂ ရက်နေ့ကစပြီး ဘရာဇီးကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မစ္စတာ Lula ဟာ အခုနှစ်မှာ G20 အုပ်စု ခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီ နှစ်နိုင်ငံဆိုင်ရာ မူဘောင်သစ်ဟာ ဇီဝလောင်စာလို ဘရာဇီးရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေနဲ့ ဟိုက်ဘရစ်အင်ဂျင်တွေလို နည်းပညာတွေအတွက် ဂျပန်ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချဖို့ ရည်ရွယ်သွားမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဥ်မှာ နှစ်နိုင်ငံအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေ ပိုပြီး ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဘရာဇီးနိုင်ငံဟာ နှစ်စဉ်ကျင်းပနေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံကို လာမည့်နှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားပါတယ်။

ကာဗွန်ဓာတ်ငွေ့ လျှော့ချရေးကို ကမ္ဘာနဲ့ချီပြီး တွန်းအားပေးရာမှာလည်း ဘရာဇီးနိုင်ငံဟာ အဓိကအခန်းကဏ္ဍက ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။