ဂျပန်တော်ဝင်‌ဇနီးမောင်နှံ ဇွန်လနှောင်းပိုင်းမှာ ဗြိတိန်နိုင်ငံကို သွားရောက်မယ်

ဂျပန်ဧကရာဇ် Naruhito နဲ့ မိဖုရား Masako တို့ဟာ ဇွန်လနှောင်းပိုင်းမှာ နိုင်ငံတော် ဧည့်သည်တော်တွေအဖြစ်နဲ့ ဗြိတိန်နိုင်ငံကို သွားရောက်လည်ပတ်မယ် ‌‌‌ဖြစ်ပါတယ်။ သူတို့ကို Charles ဘုရင်က တရားဝင် ဖိတ်ကြားခဲ့ပါတယ်။

တော်ဝင်‌ဇနီးမောင်နှံဟာ သီတင်းတစ်ပတ် ဒါမှမဟုတ် ဒီထက်ပိုပြီး နေထိုင်မယ်လို့ မျှော်လင့်ရကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဧကရာဇ်နဲ့ မိဖုရားတို့ဟာ လန်ဒန်မှာ ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ဖွယ်ရှိပါတယ်။ သူတို့ မိခင်တက္ကသိုလ် Oxford University ကို သွားရောက်လည်ပတ်ဖို့ ခရီးစဉ်အတွက် အစီအစဉ်တွေလည်း လုပ်နေပါတယ်။

၂၀၁၉ ခုနှစ် ဂျပန်ဧကရာဇ်ဘုရင် နန်းတက်ပြီးတဲ့နောက်ပိုင်းမှာ အခုတစ်ကြိမ် ဗြိတိန်နိုင်ငံကို သွားရောက်လည်ပတ်တာဟာ ဧကရာဇ်မောင်နှံရဲ့ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့က နိုင်ငံတော် ဧည့်သည်အဖြစ်နဲ့ ဗြိတိန်နိုင်ငံကို သွားရောက်တာဟာလည်း တတိယအကြိမ်မြောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ပထမအကြိမ်က ၁၉၇၁ ခုနှစ်ဖြစ်ပြီး ဒုတိယအကြိမ်က ၁၉၉၈ ခုနှစ်က ဖြစ်ပါတယ်။

ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး Elizabeth II က ဧကရာဇ်မောင်နှံကို ၂၀၂၀ ပြည့်နှစ်တုန်းက နိုင်ငံတော်ဧည့်သည်တော်တွေအဖြစ်နဲ့ အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့‌ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါကြောင့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ရပါတယ်။

ဗြိတိန်ဘုရင် Charles ဟာ အခုနှစ်အစောပိုင်းတုန်းက ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့မှာ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက်အရ အခုဆိုရင် လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့ တာဝန်တချို့ကို ပြန်လည်စတင်နိုင်နေပြီလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလမှာ Charles ဘုရင် ကင်ဆာဆိုင်ရာကုသမှုကို စတင်ခံယူခဲ့တာကို ကြေညာပြီးနောက်ပိုင်းမှာ ဧကရာဇ် Naruhito နဲ့ မိဖုရား Masako တို့ဟာ သူ့ရဲ့ ပထမဆုံးသော နိုင်ငံတော်ဧည့်သည်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။