စမတ်ဖုန်းလုပ်ငန်းအတွင်း နည်းပညာကုမ္ပဏီကြီးတွေကို ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို ဂျပန်အစိုးရအဖွဲ့က အတည်ပြု

စမတ်ဖုန်းလုပ်ငန်းအတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုရှိစေရေး သေချာစေဖို့ နည်းပညာကုမ္ပဏီကြီးတွေကို ထိန်းချုပ်ဖို့ ပြုစုထားတဲ့ ဥပဒေမူကြမ်းကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။

Apple နဲ့ Google အပါအဝင် ထိပ်တန်းနည်းပညာကုမ္ပဏီတွေဟာ စမတ်ဖုန်းလုပ်ငန်းနယ်ပယ်မှာ သာလွန်တဲ့နေရာတွေမှာ ရှိနေပါတယ်။ သူတို့ရဲ့ စျေးကွက်ကြီးစိုးမှုဟာ ကုမ္ပဏီအသစ်တွေဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သူတို့ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စရိတ်စကတွေ ပိုမိုမြင့်မားလာစေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

သောကြာနေ့မှာ အတည်ပြုခဲ့တဲ့ အဲဒီဥပဒေမူကြမ်းဟာ operating ဆော့ဖ်ဝဲလ်တွေ၊ အက်ပလီကေးရှင်း စတိုးတွေ၊ အင်တာနက် ဘရောက်ဆာတွေနဲ့ ရှာဖွေရေးအင်ဂျင်တွေ စတဲ့ နယ်ပယ် ၄ ခုမှာ ထိန်းချုပ်ခံရမယ့် ကုမ္ပဏီတွေကို သတ်မှတ်မှာ ဖြစ်ပါတယ်။

အဲဒီအဆိုပြုထားတဲ့ ဥပဒေကနေ ပြိုင်ဆိုင်မှုတွေကို အဟန့်အတားဖြစ်စေပြီး တားမြစ်ပိတ်ပင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။

သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီတွေဟာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ အက်ပလီကေးရှင်းစတိုးတွေနဲ့ ငွေပေးချေမှုဝန်ဆောင်မှုတွေအသုံးပြုခြင်းကို အနှောက်အယှက်ပြုတာကို တားမြစ်ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

သူတို့ဟာ စီးပွားရေး မိတ်ဖက်တွေနဲ့ ခွဲခြားဆက်ဆံတဲ့ အရောင်းအဝယ်တွေ ပြုလုပ်တာကိုလည်း ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် လိုက်နာမှုဆိုင်ရာ အစီရင်ခံစာကို နှစ်တိုင်း တင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စည်းကမ်းဖောက်ဖျက်သူတွေဟာ ဂျပန်နိုင်ငံအတွင်းက သူတို့ရောင်းအားတွေရဲ့ ၂၀ ရာခိုင်နှုန်းတဲ့ တူညီတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရမှာဖြစ်ပါတယ်။ ဒါဟာ တခြားကုမ္ပဏီတစ်ခုရဲ့ စီးပွားရေးကို အနှောက်အယှက်ပြုတဲ့အတွက် ယုံကြည်မှုဖောက်ဖျက်တဲ့ တည်ဆဲ ဥပဒေအောက်မှာ ချမှတ်ထားတဲ့ ဒဏ်ငွေထက် ၃ ဆကျော် ပိုများပါတယ်။ ထပ်ခါတလဲလဲ ကျူးလွန်သူတွေဟာ ဒဏ်ကြေး ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခံရမှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ဇွန်လနှောင်းပိုင်းအထိ ကျင်းပမယ့် လက်ရှိ လွှတ်တော်အစည်းအဝေးအတွင်း ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ရေး ကြိုးပမ်းဖို့ စီစဉ်နေပါတယ်။