ဂျပန်ဝန်ကြီးချုပ် ပြင်သစ်၊ ဘရာဇီးနဲ့ ပါရာဂွေးနိုင်ငံတွေကို မေလ ၁ ရက်ကစပြီး သွားရောက်မယ်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ရဲ့ ပြင်သစ်၊ ဘရာဇီးနဲ့ ပါရာဂွေးနိုင်ငံတွေကို ၆ ရက်ကြာ သွားရောက်မယ့် ခရီးစဉ်ကို မေလ ၁ ရက်နေ့ကနေ စတင်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

မစ္စတာ Kishida ဟာ ပြင်သစ်နိုင်ငံမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ ဝန်ကြီးများအဆင့် ကောင်စီ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာစီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အာရုံစိုက်ဆွေးနွေးမယ်လို့ ယူဆရတဲ့ အဲဒီအစည်းအဝေးမှာ ဂျပန်နိုင်ငံက
သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မစ္စတာ Kishida ဟာ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာရေးရာတွေနဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အမြင်ချင်းဖလှယ်ဖို့ ထိပ်သီးတွေ့ဆုံပွဲကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီနောက် မစ္စတာ Kishida ဟာ အခုနှစ် G20 ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဘရာဇီးလ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

G20 ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းတဲ့အနေနဲ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို မစ္စတာ Kishida က ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။ မစ္စတာ Kishida ဟာ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတွေနဲ့ ပတ်သက်တဲ့ ဂျပန်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားဖို့လည်း စီစဉ်ထားပါတယ်။ ဒါဟာ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် အဲဒီလို ပြုလုပ်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ပြီး ပါရာဂွေးမှာ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဘရာဇီးနိုင်ငံဟာ G20 ဆွေးနွေးပွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်တဲ့အတွက် အခုနှစ်မှာ လက်တင်အမေရိကကို ကမ္ဘာကြီးက အာရုံစိုက်နေမှာ ဖြစ်ကြောင်း မစ္စတာ Hayashi က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီဒေသနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့အတွက် ဒီအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ဖို့ ဂျပန်က မျှော်လင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။