အုပ်ထိန်းသူတွေရဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့ ဆက်နွှယ်တဲ့ ကလေးအပေါ်နှိပ်စက်မှု စစ်တမ်း ဂျပန်အစိုးရ ပထမဦးဆုံး ကောက်ယူ

ဂျပန်အစိုးရဟာ ကလေးရဲ့ အုပ်ထိန်းသူရဲ့ ဘာသာရေးယုံကြည်ချက်နဲ့ ဆက်နွှယ်တဲ့ ကလေးအပေါ်နှိပ်စက်မှုဆိုင်ရာ ပထမဆုံးစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ၁၈ လတာကာလအတွင်း နိုင်ငံတွင်းမှာ အဲဒီလိုမျိုးနှိပ်စက်မှု ၄၇ မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ကလေးသူငယ်နဲ့ မိသားစုဆိုင်ရာအေဂျင်စီဟာ ကလေးအတိုင်ပင်ခံစင်တာ‌တွေ၊ ကျောင်းတွေနဲ့ တခြားနေရာတွေမှာ အဲဒီစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ အဲဒီအေဂျင်စီဟာ ရလဒ်တွေကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တမ်းကောက်ယူတဲ့ကာလအတွင်း အုပ်ထိန်းသူတွေရဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့ ဆက်စပ်နေတဲ့ ကလေးအပေါ်နှိပ်စက်မှုကို ကလေးအတိုင်ပင်ခံစင်တာ ၃၇ ခုမှာ ကိုင်တွယ်ခဲ့ပါတယ်။ ဒါဟာ စင်တာ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းလောက်ဖြစ်တယ်လို့ စစ်တမ်းကပြသနေပါတယ်။ အဲဒီအမှုဟာ စုစုပေါင်း ၄၇ မှု ရှိခဲ့ပါတယ်။

အဲဒီအမှုတွေထဲက ၁၉ မှုမှာ ထိခိုက်ခဲ့ရတဲ့သူတွေကို ယာယီကာကွယ်စောင့်ရှောက်မှုပေးခဲ့ရတယ်လို့ စင်တာတွေက ပြောပါတယ်။

အမှုအများစုကတော့ ထိခိုက်ခဲ့ရတဲ့သူတွေဟာ နှုတ်နဲ့ခြိမ်းခြောက်တာ ခံခဲ့ရပြီး သူတို့ဘာသာ ဆုံးဖြတ်တာမျိုး မလုပ်နိုင်အောင် ပိတ်ပင်ခံခဲ့ရပါတယ်။ တချို့အမှုတွေမှာဆိုရင် ထိခိုက်ခဲ့ရတဲ့သူတွေကို ခြိမ်းခြောက်ဖို့ ဗီဒီယိုပြကွက်အတိုလေးတွေနဲ့ တခြားပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။

နောက်ထပ် လုပ်လေ့လုပ်ထရှိတဲ့ အနိုင်ကျင့်မှုပုံစံကတော့ ထိခိုက်ခဲ့ရတဲ့သူတွေဟာ ဘာသာတရားတစ်ခုခုကို ယုံကြည်ပါတယ်လို့ လူသိရှင်ကြားကြေညာဖို့ အတင်းအကျပ်ခိုင်းစေခံရတာမျိုးဖြစ်ပါတယ်။ အမှုအများအပြားမှာ ထိခိုက်ခဲ့ရတဲ့သူတွေဟာ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရပါတယ်။ တချို့အမှုတွေမှာတော့ အုပ်ထိန်းသူ‌ရဲ့ ဘာသာရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာက ကလေးတစ်ဦးကို အကြီးအကျယ် လျစ်လျူရှုမှုကို ဖြစ်စေခဲ့ပါတယ်။

ဘာသာရေးယုံကြည်ချက်နဲ့ အုပ်ထိန်းသူတွေရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့သူ ၂၈ ဦးကို စစ်ဆေးမေးမြန်းသူတွေက တွေ့ဆုံမေးမြန်းတာ ဒါမှမဟုတ် မေးခွန်းတွေ ပေးပို့တာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီသူတွေထဲက ထက်ဝက်လောက်က သူတို့ဟာ အနိုင်ကျင့်ခံရတာနဲ့ ပတ်သက်ပြီး တခြားသူတွေနဲ့ တိုင်ပင်မှု
မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီလိုမျိုး ကလေးတွေ အကူအညီတောင်းခံနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးရေး ပညာရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်ဆောင်ဖို့စီစဉ်နေတဲ့အကြောင်း ကလေးသူငယ်နဲ့ မိသားစုဆိုင်ရာအေဂျင်စီက ပြောပါတယ်။