မြောက်ကိုရီးယားခေါင်းဆောင် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီအသစ်က ပြုလုပ်တဲ့ အမြောက်ဆံတွေ စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုလေ့လာ

နိုင်ငံရဲ့အသစ်ဖွဲ့စည်းထားတဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီက ထုတ်လုပ်တဲ့ အမြောက်ဆံတွေ စမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် Kim Jong Un က ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

ခေါင်းဆောင် Kim ဟာ ကြာသပတေးနေ့က ဒုံးပစ်လောင်ချာကနေ ၂၄၀ မီလီမီတာ အမြောက်ဆံတွေ စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုခဲ့တယ်လို့ အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က သောကြာနေ့မှာ ‌ဖော်ပြခဲ့ပါတယ်။

အဲဒီအမြောက်ဆံတွေကို နိုင်ငံရဲ့လက်နက်ခဲယမ်းလုပ်ငန်းအတွက် တာဝန်ယူထားတဲ့ ဒုတိယ စီးပွားရေးကော်မရှင် လက်အောက်ရှိ နိုင်ငံ့ကာကွယ်ရေးဆိုင်ရာ စက်မှုကုမ္ပဏီသစ်က တီထွင်ခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့ဆောင်းပါးမှာ ရွှေ့ပြောင်းဒုံးပစ်လောင်ချာကနေ ပစ်ခတ်ခဲ့တဲ့ ကျည်ဆံအခွံပုံ တစ်ပုံကို ဖော်ပြထားပါတယ်။

Kim Jong Un က အဲဒီအမြောက်ကျည်ဆံတွေကို ချီးကျူးလိုက်ပြီး အခုနှစ်အတွက် ခဲယမ်းထုတ်လုပ်မှု အစီအစဉ်ကို မပျက်မကွက်အကောင်အထည်ဖော်နိုင်ဖို့ဟာ နိုင်ငံကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် လိုအပ်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအတွက် ထောက်ပံ့ပေးနိုင်ဖို့ မြောက်ကိုရီးယားဟာ ဒုံးပစ်လောင်ချာအတွက် အမြောက်ဆံတွေ တီထွင်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပုံရတယ်လို့ အကဲခတ်တွေကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။