Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်မှု ပြီးဆုံးပြီလို့ အစ္စရေးမီဒီယာကဆို

ဂါဇာကမ်းမြောင်တောင်ပိုင်းက Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့အတွက် နိုင်ငံရဲ့တပ်ဖွဲ့ဝင်ဟာ ပြင်ဆင်မှုတွေပြီးစီးသွားပြီလို့ အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အဲဒီမြို့မှာ လူဦးရေ ၁.၂ သန်းလောက် ခိုလှုံနေကြပါတယ်။ တခြားနိုင်ငံတွေက စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ဟားမတ်စ်ကို လုံးဝအမြစ်ဖြတ်ဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဟာ အဲဒီစစ်ဆင်ရေးကိုစတင်ဖို့ ပြင်ဆင်နေပါတယ်။

အစ္စရေးမီဒီယာကြီးတစ်ခုဖြစ်တဲ့ Haaretz က အစ္စရေးစစ်တပ်ဟာ သူ့ရဲ့ပြင်ဆင်မှု ပြီးစီးတာနဲ့ပတ်သက်ပြီး အစိုးရကို အသိပေးခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစီရင်ခံဖော်ပြခဲ့ပါတယ်။ အစောပိုင်းကဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ချထားတဲ့ အစ္စရေးတပ်ဖွဲ့တွေကို တောင်ဘက်သို့ ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။ စစ်ဆင်ရေးစတင်မယ့်ရက်ကို အစိုးရက ဆုံးဖြတ်မှာဖြစ်တယ်လို့ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်တစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကို ကြာသပတေးနေ့မှာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်အထိ လူပေါင်း ၃၄,၃၀၅ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပြီးတဲ့နောက် မြေပြင်စစ်ဆင်ရေး စတင်မှာဖြစ်ပြီး Rafah မှာရှိတဲ့ လူတွေကို တခြားနေရာတွေကို ပြောင်းရွှေ့ဖို့ ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ Haaretz ကပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ မြေပြင်ထိုးစစ်ဆင်လာမှာကို စိုးရိမ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုနေခဲ့ပါတယ်။ Rafah နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အီဂျစ်နိုင်ငံက ကပ်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။