Kim Jong Un အပေါ် သစ္စာစောင့်သိကြဖို့ စစ်တပ်နှစ်ပတ်လည်နေ့မှာ မြောက်ကိုရီးယား တောင်းဆို

နိုင်ငံအတွက် အရေးကြီးတဲ့ စစ်ရေးနှစ်ပတ်လည်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ခေါင်းဆောင် Kim Jong Un အပေါ် သစ္စာစောင့်သိကြဖို့ မြောက်ကိုရီးယားမီဒီယာတွေက တိုက်တွန်းနေပါတယ်။

လက်ရှိခေါင်းဆောင်ရဲ့ အဖိုးဖြစ်သူ Kim Il Sung က ၁၉၃၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ အရင်က မန်ချူးရီးယားမှာ ကိုးရီးယားပြည်သူ့ တော်လှန်ရေးတပ်မတော်ကို တည်ထောင်ခဲ့တယ်လို့ ဆိုကြပါတယ်။

အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က "စစ်ဦးစီးချုပ် Kim Jong Un" အပေါ် သစ္စာစောင့်သိဖို့ တောင်းဆိုတဲ့ မျက်နှာဖုံး အယ်ဒီတာ့အာဘော်ကို ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါအပြင် ဆောင်းပါးထဲမှာ မြောက်ကိုရီးယားရဲ့ ပြည်သူတွေနဲ့ စစ်သားတွေအနေနဲ့ နယ်ချဲ့ဝါဒကို ချေမှုန်းကြဖို့ ပြောကြားရင်း အမေရိကန်ဆန့်ကျင်ရေး သဘောထားကိုလည်း ပြသခဲ့ပါတယ်။

မြောက်ကိုရီးယား မီဒီယာတွေက ခေါင်းဆောင် Kim ရဲ့ ဖော်ရွေမှုကိုလည်း အလေးပေးဖော်ပြကြခဲ့ပါတယ်။ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ မစ္စတာ Kim ကို "ဖော်ရွေသောဖခင်" တစ်ဦးအဖြစ် ချီးမွမ်းထားတဲ့ သီချင်းအသစ်ကို ထပ်ခါတလဲလဲ ထုတ်လွှင့်နေပါတယ်။

ဗီဒီယိုထဲမှာ စစ်သား၊ အလုပ်သမားနဲ့ အကာအကွယ်ပစ္စည်းကိရိယာတွေကို ဝတ်ဆင်ထားတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကခုန်သီဆိုနေကြပြီး ရုပ်မြင်သံကြား တင်ဆက်သူ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လက်မတွေကိုထောင်ပြတဲ့ အမူအယာကို လုပ်ဆောင်ခဲ့ကြပါတယ်။

ကလေးငယ်တွေနဲ့အတူ ပြုံးရယ်နေတဲ့ မစ္စတာ Kim လည်း ပါဝင်ပါတယ်။ ဖန်သားပြင်ပေါ်က စာသားတွေမှာ သူ့ကို ရာထူးဂုဏ်ပုဒ်တွေမပါဘဲ "Kim Jong Un" လို့ပဲ ဖော်ပြထားခဲ့ပါတယ်။