Shibuya မြို့နယ်က အထင်ကရ Tsutaya အဆောက်အအုံကို ပြုပြင်မွမ်းမံပြီးနောက် ပြန်လည် ဖွင့်လှစ်

နှစ်ပေါင်းများစွာ တိုကျိုမြို့ Shibuya မြို့နယ်မှာ အထင်ကရ ဖြစ်ခဲ့တဲ့ နေရာတစ်ခုကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်အပြီးမှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

Tsutaya အဆောက်အအုံဟာ Shibuya ရဲ့ ကျော်ကြားတဲ့ scramble crossing လူကူးမျဉ်းကျားရှေ့မှာ ရှိပါတယ်။ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်မှု မတိုင်ခင်မှာ မီဒီယာတွေကို ပြသခဲ့ပါတယ်။

မူရင်းအဆောက်အအုံကို ၂၀၀၀ ပြည့်နှစ်မှာ စီဒီနဲ့ ဒီဗွီဒီခွေတွေ ငှားတဲ့၊ စာအုပ်တွေကို ရောင်းတဲ့ နေရာအဖြစ် စတင်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံကို စီမံခန့်ခွဲတဲ့ Culture Convenience Club ကုမ္ပဏီက အကြီးစားပြုပြင်မွမ်းမံမှုတစ်ခုအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အဲဒီအဆောက်အအုံကို ပိတ်ခဲ့ပါတယ်။

ပြုပြင်ထားတဲ့ အဲဒီအဆောက်အုံသစ်မှာ စီဒီတွေ မငှားတော့ပါဘူး။ ဒါပေမဲ့ ဂျပန် "anime" နဲ့ "manga" ဆိုင်ရာ သတင်းအချက်အလတ်တွေ ဖြန့်ဝေဖို့ ရည်ရွယ်ချက်နဲ့ ကော်ဖီဆိုင်နဲ့ ပွဲကျင်းပတဲ့နေရာတွေကို အဲဒီအဆောက်အအုံမှာ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။

Culture Convenience Club အကြီးအကဲနဲ့ အမှုဆောင်အရာရှိချုပ် Takahashi Yasunori က ပြန်လည်မွမ်းမံထားတဲ့ Tsutaya အဆောက်အအုံဟာ ဂျပန့်ယဉ်ကျေးမှုကို Shibuya ကနေ ကမ္ဘာကို ပြနိုင်လိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

တတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်မှာ manga ဇာတ်ကောင်တွေရဲ့ အရုပ်တွေရှိပြီး၊ အဲဒီဆိုင်ကနေ scramble crossing လူကူးမျဉ်းကျားလမ်းဆုံရဲ့ မြင်ကွင်းကို ‌ထင်ထင်ရှားရှား မြင်ရပါတယ်။

ကမ္ဘာတစ်ဝန်း လူကြိုက်များနေတဲ့ pokemon အလဲလှယ်လုပ်တဲ့ကတ်တွေကို အသုံးပြုပြီး လာရောက်လည်ပတ်သူတွေ ယှဉ်ပြိုင်ကစားနိုင်တဲ့ နားနေခန်း တစ်ခုလည်း ရှိပါတယ်။