ယူကရိန်းကို အထောက်အကူပြုမယ့်ဘတ်ဂျက်မူကြမ်း အမေရိကန် အထက်လွှတ်တော်အမတ်တွေ အတည်ပြု

ယူကရိန်းအတွက် နောက်ထပ်အကူအညီတွေပါဝင်တဲ့ အရေးပေါ်ဘတ်ဂျက်ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။

ဒီဘတ်ဂျတ်မူကြမ်းကို အောက်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဝါရှင်တန်မှာ မဲပေးမှုတွေမပြုလုပ်ခင် အမေရိကန်အထက်လွှတ်တော်ရဲ့ ဒီကရက်တစ်ပါတီခေါင်းဆောင် Chuck Schumer က "ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကို အချိန်တွေအကြာကြီး မစောင့်ခိုင်းပါနဲ့" လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်ရဲ့ ရီပတ်ပလစ်ကန်ပါတီခေါင်းဆောင် Mitch McConnell က "ဒီနေ့ အထက်လွှတ်တော်မှာ စမ်းသပ်မှုတစ်ခု ကြုံနေရပြီး ကျွန်တော်တို့ ရှုံးလို့မရဘူး" လို့ ပြောပါတယ်။

သမ္မတ Joe Biden က ဥပဒေပြုဖို့လက်မှတ်ရေးထိုးမယ်လို့ ကတိပြုထားပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာဘီလီယံ ၆၀ ကျော်တန်ဖိုးရှိ အကူအညီကို အထက်လွှတ်တော်အမတ်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေက ပင်တဂွန်က အရာရှိတွေကို စစ်လက်နက်ပစ္စည်းတွေကို လာမယ့်ရက်တွေအတွင်း တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီဥပဒေက ချိတ်ပိတ်ထားတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို အမေရိကန်အာဏာပိုင်တွေကို သိမ်းဆည်းခွင့်ပြုမှာဖြစ်ပြီး ယူကရိန်းပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေအဖြစ် လွှဲပြောင်းပေးခွင့်ပြုမှာလည်း ဖြစ်ပါတယ်။

အီရန်နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေရန်ကနေ ခုခံကာကွယ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုပံ့ပိုးပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံကျော် လျာထားမှာ ဖြစ်ပါတယ်။ တရုတ်ကိုတန်ပြန်ဖို့ ထိုင်ဝမ်နဲ့အင်ဒို-ပစိဖိတ်ဒေသက ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကို ‌ပံ့ပိုးပေးမှာလည်း ဖြစ်ပါတယ်။