အရှုပ်တော်ပုံဖြစ်ခဲ့တဲ့ Daihatsu အပေါ် သုံးစွဲသူတွေရဲ့ယုံကြည်မှု ပြန်ရအောင်လုပ်မယ်လို့ ဥက္ကဋ္ဌ ကတိပြု

Daihatsu Motor ကုမ္ပဏီဥက္ကဋ္ဌက သုံးစွဲသူတွေရဲ့ယုံကြည်မှုကို ပြန်ရဖို့ ဖြစ်နိုင်တာမှန်သမျှအားလုံး လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဘေးကင်းလုံခြုံရေးအချက်အလက်တွေ မမှန်မကန် လုပ်ဆောင်ထားတယ်ဆိုတဲ့ သတင်းတွေ မနှစ်က ထွက်ပေါ်ခဲ့ပြီးနောက် Daihatsu Motor ရဲ့ ရောင်းအား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

Daihatsu ဥက္ကဋ္ဌ Inoue Masahiro က "Daihatsu ကားကို ဝယ်ယူသူတိုင်း ထပ်ဝယ်ချင်လာအောင် Daihatsu ရဲ့ ဝယ်လိုအား ပြန်ရှင်သန်လာဖို့နဲ့ သူ့ရဲ့ထုတ်လုပ်မှုစနစ်ကို ပြန်တည်ဆောက်ဖို့ဆိုတဲ့ လမ်းနှစ်သွယ်လုံး ကြိုးပမ်းနေပါတယ်။ ဝန်ထမ်းတွေဟာ တစ်ပေါင်းတစ်စည်းတည်း လုပ်ဆောင်နေကြပါတယ်"

မစ္စတာ Inoue ဟာ မတ်လ ၁ ရက်နေ့ ကစပြီး အဲဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

အရှုပ်တော်ပုံဖြစ်ပွားပြီးနောက် Daihatsu ဟာ ဒီဇင်ဘာလမှာ ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ထုတ်လုပ်မှုနဲ့တင်ပို့ရောင်းချမှုတွေ ပြန်စတင်နေပြီဖြစ်ပြီး ကုမ္ပဏီဟာ သူရဲ့ ကားအမျိုးအစားမော်ဒယ်အားလုံးနီးပါးအတွက် အမှာစာတွေလက်ခံနေပြီလို့ ဥက္ကဋ္ဌ Inoue က ပြောကြားခဲ့ပါတယ်။

မော်တော်ကား အမှာစာပမာဏဟာ အရှုပ်တော်ပုံမဖြစ်ခင်ကရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိရှိတယ်လို့ သူက ပြောပါတယ်။

အမှားအယွင်းတွေ ထပ်ဖြစ်မလာအောင် တားဆီးတဲ့ အစီအမံတွေ အပြည့်အဝလုပ်ဆောင်ပြီးတာနဲ့ မော်ဒယ်လ်သစ်တွေ တီထွင်မှု ပြန်စတင်ဖို့ဆိုတဲ့ သူ့ရဲ့ခိုင်မာတဲ့ အစီအစဉ်တွေကိုလည်း ဥက္ကဋ္ဌ Inoue က ပြောကြားခဲ့ပါတယ်။