ဂျပန် LDP ဒု-ဥက္ကဋ္ဌ အမေရိကန်သမ္မတဟောင်း Trump နဲ့ တွေ့ဆုံ

ဂျပန့်အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ Aso Taro ဟာ အမေရိကန် သမ္မတဟောင်း Donald Trump နဲ့ နယူးယောက်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲကို Manhattan အလယ်ပိုင်းမှာရှိတဲ့ Trump Tower မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်းက မစ္စတာ Aso ကို ဝင်ပေါက်ကနေ ကြိုဆိုခဲ့ပြီး နှစ်ဦးသားအပြုံးကိုယ်စီနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

ဂျပန်-အမေရိကန် ဆက်ဆံရေးနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြတယ်လို့ ‌ယုံကြည်ရပါတယ်။ တွေ့ဆုံပွဲဟာ တစ်နာရီလောက်ကြာခဲ့ပါတယ်။

မစ္စတာ Trump ဟာ အခုနှစ်အနှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် လျာထားခံရဖွယ်ရှိနေပါတယ်။

သမ္မတဟောင်းဟာ အမေရိကန်အစိုးရကို ပြန်ထိန်းချုပ်လာနိုင်ဖွယ်ရှိတယ်လို့ မစ္စတာ Aso က စဉ်းစားနေပုံရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ထိပ်တန်းနိုင်ငံခြားရေးအရာရှိ အများအပြားရဲ့ အလားတူ လှုပ်ရှားမှုတွေနောက်ပိုင်း မစ္စတာ Aso ရဲ့ဒီခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပိုလန်သမ္မတ Andrzej Duda က ဧပြီလ ၁၇ ရက်နေ့မှာ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ဧပြီလ ၈ ရက်နေ့မှာ အမေရိကန်သမ္မတဟောင်းနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က မတ်လ ၈ ရက်နေ့မှာ မစ္စတာ Trump နဲ့ တွေ့ဆုံခဲ့ပါတယ်။