ဂျပန်က စူပါမားကတ်တွေရဲ့ မတ်လအတွက် ရောင်းအား ၉.၃ ရာခိုင်နှုန်း တိုးလာ

ဂျပန်မှာ စူပါမားကတ်တွေရဲ့ မတ်လအတွက် ရောင်းအားဟာ ပြီးခဲ့တဲ့နှစ် မတ်လကထက် ၉.၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဒါဟာ အဓိကအားဖြင့် စားသောက်ကုန်ရောင်းအား မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းက စူပါမားကတ်ပေါင်း ၁၀,၉၂၀ ရဲ့ ရောင်းအားတန်ဖိုးစုစုပေါင်းဟာ ယန်းငွေ ၁.၂ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံလောက် ရှိတယ်လို့ Japan Chain Stores Association က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ မတ်လအတွက်အပါအဝင် ရောင်းအားတွေဟာ ၁၃ လဆက်တိုက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရောင်းအားစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ စားသောက်ကုန်ရောင်းအားဟာ ၁၁.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဒါဟာ ဆိုင်တွေမှာ ဈေးနှုန်းမြင့်တက်လာတာနဲ့ ပစ္စည်းပမာဏ လျှော့ဝယ်သူအရေအတွက် အနည်းငယ် လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။

ဂိမ်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ တခြားနေ့စဉ်သုံးပစ္စည်းတွေအပါအဝင် အိမ်သုံးပစ္စည်းရောင်းချရမှုတန်ဖိုးဟာ မတ်လမှာ ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အဝတ်အထည်ရောင်းချရမှုတန်ဖိုးကတော့ ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စူပါမားကတ်တွေရဲ့ ရောင်းအားဟာ ၂၀၂၂ ဘဏ္ဍာရေးနှစ်ကထက် ၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ဆိုင်တွေမှာ ကုန်စျေးနှုန်း မြင့်မားလာမှုကြောင့် ရောင်းအားအတွက် ကာမိနေတာဖြစ်ပြီး လက်တွေ့မှာတော့ ဆိုင်တစ်ဆိုင်ချင်းစီရဲ့ လုပ်ငန်းလည်ပတ်မှုအနေအထားဟာ ကိန်းဂဏန်းတွေက ညွှန်ပြနေတာထက် စိန်ခေါ်မှု ပိုများတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။