ဖူကူရှိမ အမှတ် (၁) ဓာတ်အားပေးစက်ရုံက ပြုပြင်ပြီးရေရောထားတဲ့ရေတွေ စွန့်ထုတ်မှုကို ဒုတိယအကြိမ် ပြန်လည်သုံးသပ်မှု IAEA လုပ်ငန်းအဖွဲ့စတင်

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဟာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှိမ အမှတ် (၁) နျူကလီးယားစွမ်းသုံးဓာတ်အားပေးစက်ရုံက ပြုပြင်ပြီးရေရောထားတဲ့ရေတွေ ပင်လယ်ထဲစွန့်ထုတ်မှုကို စစ်ဆေးဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။

IAEA လုပ်ငန်းအဖွဲ့ဟာ မနှစ်က သြဂုတ်လမှာ အဲဒီရေစွန့်ထုတ်တဲ့လုပ်ငန်းစတင်ပြီးနောက်ပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးပြန်လည်သုံးသပ်မှုကို ဒုတိယအကြိမ်ပြုလုပ်နေပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်တွေဟာ တိုကျိုမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အင်္ဂါနေ့က သွားရောက်ခဲ့ပါတယ်။

သူတို့ဟာ ဖူကူရှိမစက်ရုံကို စီမံခန့်ခွဲနေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

IAEA ညှိနှိုင်းရေးမှူး Gustavo Caruso က ကျွမ်းကျင်သူတွေဟာ ဘေးကင်းစိတ်ချရမှုအတွက် အရေးကြီးတဲ့ နည်းပညာဆိုင်ရာကိစ္စရပ်တွေကို စစ်ဆေးဖို့ ဖူကူရှိမ အမှတ် (၁) စက်ရုံကို သွားရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလုပ်ငန်းအဖွဲ့ဝင်တွေဟာ ဂျပန်မှာ သောကြာနေ့အထိ နေထိုင်ကြမှာဖြစ်ပါတယ်။ သူတို့ဟာ ရေထုတ်လွှတ်မှုလုပ်ငန်းစဉ်ကို ကြည့်ရှုဖို့စီစဉ်ထားပြီး နျူကလီးယားကြီးကြပ်ရေး အာဏာပိုင်အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဖူကူရှိမ အမှတ် (၁) စက်ရုံဟာ ၂၀၁၁ ငလျင်နဲ့ ဆူနာမီမှာ နျူကလီးယားလောင်စာ အရည်ပျော်မှု သုံးခု ဖြစ်ပွားခဲ့ပါတယ်။

အသုံးပြုပြီးသားလောင်စာတွေကို အအေးခံဖို့ အသုံးပြုတဲ့ရေတွေဟာ မိုးရေ၊ မြေအောက်ရေနဲ့ ရောနှောသွားခဲ့ပါတယ်။ သိုလှောင်ထားတဲ့ရေတွေထဲက ရေဒီယိုသတ္တိကြွပစ္စည်းအများစုကို ဖယ်ရှားနိုင်ခဲ့ပေမဲ့လည်း ထရီတီယံ ကတော့ ပါဝင်နေဆဲဖြစ်ပါတယ်။

စက်ရုံကို စီမံခန့်ခွဲနေတဲ့ကုမ္ပဏီက အဲဒီပြုပြင်ထားသောရေတွေ ပင်လယ်ထဲမစွန့်ထုတ်မီ ထရီတီယံပါဝင်မှုပမာဏကို သောက်သုံးရေအတွက်သင့်တော်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အဆင့်ရဲ့ ခုနစ်ပုံတစ်ပုံခန့်အထိ လျှော့ချဖို့ ရေရောခဲ့ပါတယ်။