'အလွန်ကြီးမားတဲ့ ဒုံးပစ်လောင်ချာတွေ' ပါ၀င်တဲ့လေ့ကျင့်မှုကို ခေါင်းဆောင် Kim ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ နျူကလီးယားတန်ပြန်တိုက်ခိုက်မှုကို အသွင်တူပြုလုပ်ထားတဲ့ ပစ်ခတ်လေ့ကျင့်မှုကို တနင်္လာနေ့က ကြီးကြပ်ခဲ့ပြီး အဲဒီလေ့ကျင့်မှုမှာ "အလွန်ကြီးမားတဲ့ဒုံးပစ်လောင်ချာတွေ" ကိုအသုံးပြုတာလည်း ပါဝင်ပါတယ်။

အာဏာရ အလုပ်သမားပါတီသတင်းစာ Rodong Sinmun ဟာ ရွှေ့ပြောင်းပစ်ခတ်နိုင်တဲ့ လောင်ချာလေးခုကနေ ဒုံးလက်နက်တွေပစ်လွှတ်နေတဲ့ဓာတ်ပုံတွေကို အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။ အချင်း ၆၀၀ မီလီမီတာရှိတဲ့ ဒုံးလက်နက်တွေဟာ ၃၅၂ ကီလိုမီတာအကွာမှာရှိတဲ့ ပစ်မှတ်ထားတဲ့ကျွန်းကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအလွန်ကြီးမားတဲ့ဒုံးလက်နက်ဟာ နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားဟာ ပြုံယမ်းအနီးရှိ နေရာတစ်နေရာကနေ တာတိုပစ်ဒုံးကျည်တချို့ကို တနင်္လာနေ့မှာ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောခဲ့ပါတယ်။

ကူဆန်လေတပ်စခန်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ ပြုလုပ်နေတဲ့ ပူးတွဲလေ့ကျင့်မှုတွေကို တန်ပြန်ဖို့ရည်ရွယ်တဲ့ ပစ်ခတ်လေ့ကျင့်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယား အနောက်တောင်ပိုင်းမှာရှိတဲ့ အဲဒီစခန်းဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်တွေ ရောက်နိုင်တဲ့အကွာအဝေးအတွင်းမှာ ရှိပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ မတ်လထဲမှာ အလွန်ကြီးမားတဲ့ဒုံးပစ်လောင်ချာတွေပါဝင်တဲ့ပစ်ခတ်လေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ တနင်္လာနေ့ စစ်ရေးလေ့ကျင့်မှုအပြီးမှာ ခေါင်းဆောင် Kim Jong Un က နိုင်ငံရဲ့နည်းဗျူဟာမြောက်နျူကလီးယားတိုက်ခိုက်ရေးစွမ်းရည် တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်မှုမှာ တိုးတက်မှုကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။