တရုတ်နိုင်ငံအတွက် စစ်ရေးနည်းပညာများ ရယူမှုနဲ့ ဂျာမနီနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့

စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေနဲ့အသုံးပြုနိုင်တဲ့နည်းပညာတွေကို တရုတ်ရဲ့လျှို့ဝှက်ထောက်လှမ်းရေးအတွက် ရယူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဂျာမနီနိုင်ငံသား သုံးဦးကို ဂျာမနီနိုင်ငံရှိ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။

သံသယရှိသူတွေထဲကတစ်ဦးဟာ တရုတ်ရဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးအတွက် သူလျှိုတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး အဲဒီသံသယရှိခံရသူဟာ ဂျာမနီမှာ ကုမ္ပဏီတစ်ခုဖွင့်လှစ်ထားတဲ့ စုံတွဲတစ်တွဲကို အသုံးပြုခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အဲဒီစုံတွဲဟာ သူတို့ရဲ့ကုမ္ပဏီကတစ်ဆင့် ဂျာမနီတက္ကသိုလ်တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။ အဲဒီကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဟာ စစ်သင်္ဘောတွေအပါအဝင် သင်္ဘောအင်ဂျင်တွေအတွက် အရေးပါတဲ့ စက်အစိတ်အပိုင်းတွေဆိုင်ရာစာချုပ်ပါ တရုတ်မိတ်ဖက်အတွက် လေ့လာမှု ပြင်ဆင်ဖို့ဖြစ်တယ်လို့ အဲဒီအရာရှိတွေက ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့အရာရှိတွေကို ကိုးကားပြီး ဂျာမနီတက္ကသိုလ် တာဝန်ရှိသူတွေက အဲဒီလူသုံးဦးဟာ တရုတ်ထောက်လှမ်းရေးဌာနအတွက် အလုပ်လုပ်နေတယ်ဆိုတာသတိမပြုမိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

ဂျာမန်ပြည်ထဲရေးဝန်ကြီး Nancy Faeser က စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ သိပ္ပံမှာ တရုတ်သူလျှိုလုပ်မှုရဲ့ သိသာထင်ရှားတဲ့အန္တရာယ်ကို သတိပြုမိတယ်လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာ ပြောဆိုထားပါတယ်။