ယန်းငွေအားပျော့မှုရဲ့ ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်မှုကို ဂျပန်ဗဟိုဘဏ် မူဝါဒအစည်းအဝေးမှာ သုံးသပ်လေ့လာမယ်

ပြီးခဲ့တဲ့လမှာ အနုတ်လက္ခဏာအတိုးနှုန်းမူဝါဒကို ဖျက်သိမ်းပြီးနောက် ပထမဆုံး မူဝါဒအစည်းအဝေးကို ဂျပန်ဗဟိုဘဏ် (BOJ) က အရာရှိတွေဟာအခုသီတင်းပတ်မှာ ကျင်းပမှာဖြစ်ပါတယ်။

လုပ်ခလစာနဲ့ ကုန်စျေးနှုန်းအကြား "ကောင်းမွန်တဲ့ သံသရာလည်မှု ကြိုတင်မြင်နိုင်မယ်" လို့ အရင်တစ်ကြိမ်အစည်းအဝေးမှာ သူတို့က ပြောကြားခဲ့ပါတယ်။
                    
BOJ အရာရှိတွေဟာ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တွေ့ဆုံကြတဲ့အခါ စီးပွားရေး၊ ဈေးနှုန်းနှင့် စျေးကွက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အစည်းအဝေးအပြီးမှာ သူတို့က ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ၃ နှစ်တာ စျေးနှုန်းဆိုင်ရာ မျှော်မှန်းချက်တွေကိုလည်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။

မကြာသေးခင်က လုပ်ခလစာညှိနှိုင်းမှုတွေမှာ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေအကြား အောင်မြင်မှုရစေခဲ့တဲ့ ဈေးနှုန်းတက်ခြင်းက အသေးစားလုပ်ငန်းတွေအထိ ရိုက်ခတ်လာနေသလားဆိုတာကို အရာရှိတွေက ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

မြင့်မားသောလုပ်ခရဲ့ နောက်ကွယ်မှာ ဝန်ဆောင်မှုစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခြင်း ရှိမရှိကိုလည်း သူတို့က အတည်ပြုမှာဖြစ်ပါတယ်။

BOJ က အနှုတ်လက္ခဏာအတိုးနှုန်းတွေကို ဖယ်ရှားပြီးနောက်မှာလည်း ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ ၃၄ နှစ်အတွင်း မကြုံစဖူး အဆင့်ကို ကျဆင်းသွားခဲ့ပါတယ်။

BOJ ဥက္ကဋ္ဌ Ueda Kazuo က ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေမယ်ဆိုရင် အတိုးနှုန်းမြှင့်တင်ဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်မှာ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မစ္စတာ Ueda က "ယန်းငွေတန်ဖိုး ကျဆင်းမှုဟာ ဈေးနှုန်းမြင့်တက်မှုမှာ ကြီးမားတဲ့အချက်ဖြစ်လာပြီး အဲဒါဟာ လျစ်လျူမရှုနိုင်လောက်အောင် ကြီးကြီးမားမားဖြစ်လာရင် ကျွန်တော်တို့ ငွေကြေးမူဝါဒကို ပြောင်းလဲနိုင်ဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။

အခုသီတင်းပတ် အစည်းအဝေးမှာ အဓိကအာရုံစိုက်မယ့်အချက် တစ်ချက်ကတော့ BOJ က သူ့ရဲ့ စျေးနှုန်းအလားအလာ ခန့်မှန်းချက်မှာ အားပျော့နေတဲ့ယန်းငွေကို ဘယ်လိုအခန်းကဏ္ဍ သတ်မှတ်မလဲဆိုတာပဲ ဖြစ်ပါတယ်။
   
မူဝါဒချမှတ်သူတွေဟာ BOJ ရဲ့ အနာဂတ် ရည်မှန်းချက်ကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဆွေးနွေးမယ့်ခေါင်းစဉ်တွေမှာ နောက်ထပ် အတိုးနှုန်းတိုးမြှင့်မယ့်အချိန်နဲ့ ဂျပန်အစိုးရ ငွေချေးစာချုပ်ဝယ်ယူမှု ပမာဏလျှော့ချရေးတွေ ပါဝင်နိုင်ပါတယ်။