အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်က အစ္စရေးရဲ့ လက်တုံ့ပြန်နိုင်ဖွယ်ရာကို ရည်ညွှန်းပြောဆိုတာမရှိ

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei က အစ္စရေးရဲ့ လက်တုံ့ပြန်နိုင်ဖွယ်ရာကို ရည်ညွှန်းတာမျိုးမရှိဘဲ နိုင်ငံရဲ့ လတ်တလောတိုက်ခိုက်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

အီရန်ဟာ ဧပြီလ ၁၃ ရက်ကစပြီး အစ္စရေးကို ကြီးမားတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သောကြာနေ့က အီရန်နိုင်ငံအလယ်ပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါဟာအစ္စရေးရဲ့ လက်တုံ့ပြန်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန် မီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။

Khamenei ဟာ နိုင်ငံရဲ့ စစ်တပ်က တပ်မှူးတွေနဲ့ တနင်္ဂနွေနေ့မှာ စကားပြောဆိုခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက အစီရင်ခံခဲ့ပါတယ်။ မိန့်ခွန်းထဲမှာ Khamenei က အီရန်ရဲ့ တိုက်ခိုက်မှုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒုံးကျည်တွေ ဘယ်လောက်ပစ်ခတ်ခဲ့တယ်၊ ဒါမှမဟုတ် သူတို့ရဲ့ပစ်မှတ်တွေကို ဘယ်လောက်အထိထိမှန်ခဲ့တယ်ဆိုတာကို တစ်ဘက်က အလေးထားခဲ့ပေမဲ့ အီရန်ပြည်သူတွေနဲ့ စစ်တပ်တို့က သူတို့ရဲ့ စိတ်စွမ်းအားကို ကမ္ဘာသို့ ပြသခဲ့တာ ထင်ရှားတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ တန်ပြန်အရေးယူဆောင်ရွက်ချက်တွေလို့ ထင်ရတာတွေကို သူက မပြောဆိုခဲ့ပါဘူး။

အီရန်အနေနဲ့ လက်ရှိမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တင်းမာမှုတွေ မြင့်တက်လာစေဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ထိပ်တန်းခေါင်းဆောင်က အရိပ်အမြွက်ပြနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

စနေနေ့က အီရန်ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်နိုင်ငံထဲက ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ရဲ့ အခြေစိုက်စခန်းတစ်ခုမှာ အကြောင်းရင်းမသိရသေးတဲ့ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။