ကပွဲရုံ တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာမှာ လုံခြုံရေးအစီအမံတွေကို ရုရှားက တိုးမြှင့်ဆောင်ရွက်

တနင်္လာနေ့ဟာ မော်စကိုမြို့အနီးမှာရှိတဲ့ ကပွဲရုံတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ရုရှားအစိုးရဟာ လုံခြုံရေးအစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အဲဒီအထဲမှာ တရားမဝင် နေထိုင်တဲ့သူတွေကို နှိပ်ကွပ်မှုတွေလည်း ပါဝင်ပါတယ်။

မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်ကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုအတွင်း ရုရှားမှာ အဆိုးရွားဆုံးသော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

Islamic State အုပ်စုဟာ အဲဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ယူဆရပါတယ်။ တာဂျစ်ကစ္စတန်နိုင်ငံသား လေးဦးကို တိုက်ခိုက်မှုပြုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုထားပါတယ်။

ရုရှားမှာ ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ခုအရ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ခံစားရတဲ့သူ အရေအတွက် တိုးလာတယ်ဆိုတာ ပြသနေပါတယ်။

အာဏာပိုင်တွေဟာ အာရှအလယ်ပိုင်းကနေ ရွှေ့ပြောင်းအခြေချသူတွေအပေါ် တင်းကျပ်တဲ့အစီအမံတွေထားသင့်တယ်လို့ မော်စကိုအလယ်ပိုင်းမှာရှိတဲ့ NHK အမှုထမ်းတွေကို လူအများအပြားက ပြောပါတယ်။ ရဲတွေက သူတို့ကို စောင့်ကြည့်နေစေချင်တယ်လို့ အမျိုးသမီးတဦးက ပြောပါတယ်။

မော်စကိုမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအပါအဝင် နေရာပေါင်း ၁၀,၀၀၀ ကျော်မှာတရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ယခုလအစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

Vladimir Putin ဟာ မတ်လသမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီး မေလ ၇ ရက်နေ့မှာ သမ္မတအဖြစ် ပဉ္စမမြောက်သက်တမ်းကို စတင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေက သူ့ရဲ့အုပ်ချုပ်မှုကို မတည်မငြိမ်ဖြစ်စေနိုင်တဲ့အတွက် လုံခြုံရေးအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။