အမေရိကန်အောက်လွှတ်တော်က အစ္စရေးကိုအကူအညီပေးရေး အစီအစဉ်ကို အတည်ပြု

အစ္စရေးကို ဒေါ်လာ ၂၆.၃ ဘီလီယံတန်ဖိုးရှိတဲ့ အရေးပေါ်အကူအညီတွေပေးအပ်ဖို့ ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို ထောက်ခံမဲ ၃၆၆ မဲ၊ ကန့်ကွက်မဲ ၅၈ မဲနဲ့ စနေနေ့မှာ အတည်ပြုခဲ့ပါတယ်။ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီတွေကို အောက်လွှတ်တော်က အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီရန်ပုံငွေကို အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေး အားကောင်းစေဖို့၊ သူ့ရဲ့ ခဲယမ်းမီးကျောက် ထုတ်လုပ်မှုစွမ်းရည်ချဲ့ထွင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပြီးတာနဲ့ သမ္မတ Joe Biden က ဥပဒေအဖြစ် လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ဒီဥပဒေက အီရန်နဲ့သူ့ရဲ့လက်ပါးစေတွေရဲ့ရန်ကနေ အစ္စရေးကိုကာကွယ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။

အီရန်ဟာ ဧပြီ ၁၃ ရက်နဲ့ ၁၄ ရက်တို့က အစ္စရေးကို ကြီးမားတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒါတွေရဲ့အများစုကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်က ဆိုပါတယ်။

လက်ဘနွန်အခြေစိုက် ရှီအာ စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာကလည်း အစ္စရေးကို တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု မြင့်တက်လာနေတဲ့အပေါ် ဝေဖန်နေကြတဲ့အကြား အစ္စရေးအတွက် အမြန်ဆုံးအကူအညီပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တောင်းဆိုနေခဲ့ပါတယ်။