ဂျပန်ဝန်ကြီးချုပ်က မေလမှာ ပြင်သစ်၊ ဘရာဇီးနဲ့ ပါရာဂွေးကို သွားမယ်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ မေလအစောပိုင်းမှာ ပြင်သစ်ကို သွားရောက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဝန်ကြီးအဆင့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

သူဟာ လွတ်လပ်ပြီး တရားမျှတတဲ့ စီးပွားရေးစနစ်ကို ထိန်းသိမ်းဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ အရေးကြီးတယ်လို့ အလေးပေးပြောဆိုဖွယ် ရှိပြီး အရင်းရှင်စနစ်ပုံစံသစ်ကို မြှင့်တင်ဆောင်ရွက်ဖို့အတွက် ဂျပန်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်ပြီး ရှင်းပြဖွယ် ရှိပါတယ်။

မစ္စတာ Kishida ဟာ ဆင့်ပွားတီထွင်နိုင်တဲ့ လူလုပ်အသိဉာဏ်နဲ့ ရာသီဥတုပြောင်းလဲမှုလို ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဂျပန်က ကိုင်တွယ်ဖြေရှင်းလိုကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားဖွယ် ရှိပါတယ်။

သူဟာ ဘရာဇီးနဲ့ ပါရာဂွေးကိုလည်း သွားရောက်ဖွယ် ရှိပါတယ်။

အခုနှစ်မှာ စီးပွားရေးအင်အားကြီးနိုင်ငံတွေ ပါဝင်တဲ့ G20 ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဘရာဇီးလ်နိုင်ငံမှာ မစ္စတာ Kishida ဟာ နိုင်ငံတကာကိစ္စရပ်တွေကို တုံ့ပြန်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး အတည်ပြုဖို့အတွက် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ မျှော်လင့်နေပါတယ်။ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့အတွက် သဘောတူညီမှု ရလိုကြောင်းလည်း သူက ပြောပါတယ်။

ပါရာဂွေးဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ တစ်ခုတည်းသော တောင်အမေရိကနိုင်ငံဖြစ်တာကြောင့် မစ္စတာ Kishida ဟာ ပါရာဂွေးနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ မျှော်လင့်ထားပါတယ်။