အရှေ့အလယ်ပိုင်း အခြေအနေ ပိုမိုဆိုးရွားမလာစေရေး သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ဂျပန် လုပ်ဆောင်မယ်

အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဂျပန်နိုင်ငံအနေနဲ့ လိုအပ်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ဂျပန် အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အဲဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းက လတ်တလော အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အီရန်နဲ့ အမေရိကန် မီဒီယာတွေရဲ့ အစီရင်ခံချက်တွေအပေါ် ဂျပန်အစိုးရရဲ့ အမြင်နဲ့ တုံ့ပြန်မှုတွေကို သတင်းထောက်တွေက သူ့ကို မေးမြန်းခဲ့ပါတယ်။ အီရန်နိုင်ငံအလယ်ပိုင်း Isfahan ပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အစိုးရအရာရှိတွေကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းက အခြေအနေတွေကို အလွန်တရာစိုးရိမ်မိကြောင်းနဲ့ အခြေအနေတွေ ပိုပြီးဆိုးလာနိုင်တဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မစ္စတာ Hayashi က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံသားတွေ ထိခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းမရရှိသေးကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ဧရိယာတွေက ဂျပန်နိုင်ငံသားတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့လည်း သူက ပြောပါတယ်။