ချစ်ပ် ဈေးကွက် အလားအလာနဲ့ အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် Nikkei 225 သိသိသာသာကျဆင်း

တစ်ပိုင်းလျှပ်ကူးပစ္စည်း ဝယ်လိုအား နှေးကွေးနေတာနဲ့ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပျံ့နှံ့လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေအကြား တိုကျိုစတော့ဈေးကွက်မှာ ရှယ်ယာဈေးတွေ သောကြာနေ့မှာ သိသိသာသာ ကျဆင်းသွားပါတယ်။

ရင်းနှီးမြုပ်နှံသူတွေဟာ ရောင်းအားကျဆင်းနေတဲ့အကြား ချစ်ပ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ စတော့ရှယ်ယာတွေကို ရောင်းချနေကြပါတယ်။ စံနှုန်းစတော့ အညွှန်းကိန်း Nikkei 225 ဟာ ၁,၃၀၀ မှတ် တနည်းအားဖြင့် ၃.၅ ရာခိုင်နှုန်း ကျော် ခဏတာ ကျဆင်းခဲ့ပါတယ်။

အဲဒီအညွှန်းကိန်းဟာ သောကြာနေ့ ဈေးပိတ်ချိန်မှာ ၃၇,၀၆၈ နဲ့ အဆုံးသတ်ခဲ့ပြီး ကြာသပတေးနေ့ကထက် ၁,၀၁၁ မှတ် တနည်းအားဖြင့် ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ အခုနှစ်အတွင်း အကြီးမားဆုံး တနေ့တာ ကျဆင်းမှု ဖြစ်ပါတယ်။

တပိုင်းလျှပ်ကူးပစ္စည်းစျေးကွက်အတွက် သူ့ရဲ့ တိုးတက်မှုခန့်မှန်းချက်ကို လျှော့ချလိုက်ပြီလို့ TSMC က ပြောခဲ့ပြီးတဲ့နောက် အခုလို ဖြစ်လာတာပါ။ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် ချစ်ပ် ထုတ်လုပ်တဲ့ TSMC က ကြာသပတေးနေ့မှာ အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံအလယ်ပိုင်းမှာ သောကြာနေ့က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကို မီဒီယာတွေရဲ့ ဖော်ပြချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ပိုပြီး ကျယ်ပြန့်တဲ့ ရှယ်ယာအရောင်း အမှာစာတွေ မြင့်တက်လာခဲ့ပါတယ်။