တိုကျိုမြို့အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ လက်ရှိအုပ်ချုပ်ရေးမှူး Koike အနိုင်ရဖွယ် ရှိတယ်လို့ ခန့်မှန်းရ

တနင်္ဂနွေနေ့မှာ တိုကျိုမြို့အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ ပြီးဆုံးသွားခဲ့ပြီး လက်ရှိအုပ်ချုပ်ရေးမှူး Koike Yuriko ဟာ တတိယအကြိမ် ရွေးကောက်ခံရနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

တိုကျိုမြို့တော်အနှံ့က မဲရုံတွေကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ NHK ရဲ့ အဲဒီခန့်မှန်းချက်ဟာ မဲရုံထွက်ပေါက်စစ်တမ်းတွေနဲ့ ရွေးကောက်ပွဲမတိုင်မီ ကောက်ယူထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

မဲရုံထွက်ပေါက်စစ်တမ်းအရ မီးစ် Koike ဟာ နိုင်ငံအနောက်ပိုင်း Hiroshima ခရိုင် Akitakata မြို့ရဲ့ မြို့ဝန်ဟောင်း Ishimaru Shinji နဲ့ အထက်လွှတ်တော်အမတ်ဟောင်း Renho အပါအဝင် တခြားကိုယ်စားလှယ်လောင်းတွေထက် ဆန္ဒမဲ ပိုမိုရရှိနေခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ အသက် ၇၁ နှစ်အရွယ် မီးစ် Koike ဟာ အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ တိုကျိုမြို့ရဲ့ ပထမဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။

မဲဆွယ်စည်းရုံးမှုအတွင်း မီးစ် Koike ဟာ သူ့ရဲ့ အုပ်ချုပ်ရေးမှူးသက်တမ်းကာလနှစ်ခုမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အလေးပေးပြောကြားခဲ့ပါတယ်။ ကလေးမွေးဖွားနှုန်းကျဆင်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ပံ့ပိုးကူညီမှုတွေ ပိုမိုပေးအပ်ဖို့ ကတိပြုပြောကြားခဲ့ပြီး တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကလေးစောင့်ရှောက်မှုအတွက် အခမဲ့ဝန်ဆောင်မှုတွေကို တိုးချဲ့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မီးစ် Koike ဟာ အဲဒီရွေးကောက်ပွဲမှာ ပြိုင်ဘက် ၅၅ ဦးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဒါဟာ စံချိန်တင် အများဆုံးအရေအတွက် ဖြစ်ပါတယ်။