သွေးလွန်တုပ်ကွေးရောဂါ သတိထားဖို့အတွက် အခမ်းအနားတစ်ခု ဘန်ကောက်မြို့မှာ ကျင်းပ

သွေးလွန်တုတ်ကွေးရောဂါဟာ ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ အာရှဒေသတွေမှာ အလျင်အမြန် ပျံ့နှံ့နေပါတယ်။ ခြင်ကြောင့်ဖြစ်တဲ့ ဒီရောဂါနှိမ်နင်းရေးအတွက် ပြည်သူတွေကိုဆော်သြတဲ့ ပွဲတစ်ခုကို ဘန်ကောက်မြို့မှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။

အဲဒီပွဲကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ကုမ္ပဏီတွေက စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်တာတွေကို ဖြစ်စေပါတယ်။ ရောဂါပြင်းထန်တဲ့သူတွေမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။

ဂျပန်ထုတ်လုပ်သူတွေက ဓာတုဗေဒပိုးသတ်ဆေးမပါဝင်တဲ့ ဖျန်းလို့ရတဲ့ပိုးသတ်ဆေး နဲ့ ခြင်မကြိုက်တဲ့ စပါးလင်ပင်အနံ့ထည့်သွင်းထားတဲ့ ဒိုက်ပါအနှီးတွေကို ပြသခဲ့ပါတယ်။

မိုးရာသီမှာဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ လာမယ့် ၄ လအတွင်း ထပ်မံ ကူးစက်မှုတွေရှိမယ်လို့ တွက်ဆထားကြောင်းနဲ့ လူတွေကို မကူးစက်စေရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Niti Haetanurak က တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံက အခုနှစ်မှာ အရင်နှစ်ကထက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအစီရင်ခံချက်တွေ ပိုများလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက လူပေါင်း ၁၆၀,၀၀၀ နီးပါး ကူးစက်ခံခဲ့ရပြီး ဒါဟာ ၂၀၂၂ နှစ်ကထက် ၃ ဆ မြင့်တက်ခဲ့တာ ‌ဖြစ်ပါတယ်။

အဲဒီလို မြင့်တက်ခဲ့တာဟာ ဖြစ်ပွားနေတဲ့ ပိုးအမျိုးအစား serotype အပြောင်းအလဲနဲ့ ရာသီဥတုပြောင်းလဲမှုအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။