ဂျပန်ရဲ့ ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ကူညီပံ့ပိုးရေးအုပ်စုတွေနဲ့ ရှေ့နေတွေ အပြစ်တင်

တနင်္လာနေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဂျပန်နိုင်ငံထဲက နိုင်ငံခြားသားတွေကို ပံ့ပိုးပေးနေတဲ့ ရှေ့နေတွေနဲ့ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်နေကြပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များ အသိအမှတ်ပြုရေးအက်ဥပဒေအရ ၃ ကြိမ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ခိုလှုံခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးဆိုရင် ပြည်နှင်ခံရမှာဖြစ်ပါတယ်။

အကျိုးအမြတ်ပဓာနမထားတဲ့ အဖွဲ့အစည်း NPO တစ်ခုဖြစ်တဲ့ Japan Association for Refugees က နေရပ်ပြန်ပို့တာကို ငြင်းဆန်နေတဲ့ ခိုလှုံခွင့်တောင်းခံသူတွေထဲမှာ သူတို့ရဲ့ဇာတိနိုင်ငံတွေမှာ နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေရှိသူတွေ ပါဝင်နေတယ်လို့ ထောက်ပြပါတယ်။

ဒုက္ခသည်အဖြစ် အကြိမ်ကြိမ် လျှောက်ထားသူ ဒါမှမဟုတ် နေရပ်ပြန်ပို့ခံရမယ့်အနေအထားနဲ့ ကြုံတွေ့နေရသူတွေ နောက်ပိုင်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရတာ ဒါမှမဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ပြုတာတွေ ရှိခဲ့တယ်လို့ အဲဒီအဖွဲ့အစည်းက မှတ်ချက်ပြုပါတယ်။

အဲဒီ NPO က ခိုလှုံခွင့်တောင်းခံသူအားလုံးကို အမျိုးအစားတစ်ခုတည်း အုပ်စုဖွဲ့ သတ်မှတ်တာဟာ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ပို့ခံရမယ့်သူတွေကို ထိန်းသိမ်းရေးစခန်းတွေမှာမဟုတ်ဘဲ တရားဝင်ခွင့်ပြုထားသူတွေရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ပြုထားတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေထဲက အစီအမံသစ်ကို တခြားသူတွေက သံသယဖြစ်နေကြပါတယ်။

နိုင်ငံခြားသားတွေကို အာမခံသူအဖြစ် ထောက်ပံ့ပေးနေတဲ့ ရှေ့နေတွေနဲ့ အဖွဲ့အစည်းတွေက အဲဒီကြီးကြပ်တဲ့သူတွေဟာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဆီကို မဖြစ်မနေသတင်းပို့ဖို့ လိုအပ်ပြီး အဲဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

အာမခံပေးတဲ့သူအဖြစ် ဆောင်ရွက်သူတွေဟာ သူတို့ရဲ့ ကြီးလေးတဲ့ တာဝန်ကြောင့် ကြီးကြပ်သူအဖြစ် လုပ်ဆောင်ဖို့ကို ရှောင်ရှားနိုင်ဖွယ်ရှိတယ်လို့ သူတို့က ဆိုပါတယ်။

အဲဒီတာဝန်ကိုယူမယ့်သူ ပိုနည်းလာနိုင်တာကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ အချိန်ကြာကြာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားအရေအတွက် တိုးလာတယ်ဆိုတဲ့ ရလဒ်တွေထွက်ပေါ်လာမယ်လို့ အဲဒီကူညီပံ့ပိုးရေး အဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။