တီဗီတွေအတွက် အကြီးစား LCD ဖန်သားမျက်နှာပြင်ထုတ်လုပ်မှု Sharp ကုမ္ပဏီ ရပ်ဆိုင်းမယ်

ဂျပန်အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ Sharp ဟာ ရုပ်မြင်သံကြားတွေအတွက် အကြီးစား LCD ဖန်သားပြင်အားလုံးကို မထုတ်လုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဖန်သားမျက်နှာပြင်တွေကို အိုစာကာခရိုင်မှာရှိတဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Sakai Display Products ကလုပ်ကိုင်နေတဲ့ စက်ရုံမှာ ထုတ်လုပ်နေပါတယ်။ စက်တင်ဘာလမကုန်မီမှာ ထုတ်လုပ်မှုရပ်ဆိုင်းပြီးတဲ့နောက် Sharp ရဲ့ ပင်မထုတ်လုပ်မှုနေရာဟာ ဂျပန်နိုင်ငံမှာရှိတော့မှာ မဟုတ်ပါဘူး။

ဒီလုပ်ဆောင်ချက်ဟာ ကုမ္ပဏီကို အလှည့်အပြောင်းပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ရုန်းကန်နေရတဲ့ LCD ဖန်သားမျက်နှာပြင်လုပ်ငန်းကို Sharp က ပြန်လည်ဖွဲ့စည်းတည်ဆောက်လိုပါတယ်။

အသေးစားနဲ့ အလတ်စား LCD ဖန်သားမျက်နှာပြင်တွေရဲ့ဝင်ငွေ ကျဆင်းခဲ့တဲ့အတွက် မတ်လမှာ ကုန်ဆုံးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ အသားတင်အရှုံး ယန်း ၁၄၉.၉ ဘီလီယံ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉၆၀ လောက် ရှိတယ်လို့ Sharp က အစီရင်ခံခဲ့ပါတယ်။ အသားတင်အရှုံးဟာ ၂ နှစ်ဆက်တိုက်ဖြစ်ပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယားတို့က ထုတ်လုပ်သူတွေ အပြင်းအထန်ပြိုင်ဆိုင်နေချိန်မှာ ရုပ်မြင်သံကြားတွေအတွက် LCD ဖန်သားမျက်နှာပြင်စျေးကွက်အခြေအနေတွေဟာ ထိုင်းမှိုင်းနေပါတယ်။ ကပ်ရောဂါကာလအတွင်း သုံးစွဲသူများစွာတို့က သူတို့ရဲ့ ရုပ်မြင်သံကြားစက်တွေကို အဆင့်မြှင့်တင်ခဲ့ပြီးတဲ့နောက် ဝယ်လိုအားတိုးတက်မှုလည်း ကျဆင်းသွားခဲ့ပါတယ်။