ဂျပန်က မြို့ရွာ ၇၄၄ ခု နောက်ဆုံးမှာ ပျောက်ကွယ်သွားမယ်လို့ ကျွမ်းကျင်သူတွေ သတိပေး

ဂျပန်နိုင်ငံက မြို့ရွာတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ တစ်ချိန်မှာ နေထိုင်သူမရှိတော့ဘဲ တည်ရှိမှုပျောက်ကွယ်သွားနိုင်တယ်လို့ လူဦးရေဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ ဂျပန်နိုင်ငံဟာ ဒီအနေအထားကို ပြောင်းလဲဖို့ နောက်ဆုံးအခွင့်အရေးနဲ့ ကြုံတွေ့နေရတယ်ဆိုတာကို သူတို့က အလေးပေးပြောကြားခဲ့ပါတယ်။

ဒီအနေအထားပုံစံကတော့ ဂျပန်နိုင်ငံ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်အသင်း အကြီးအကဲဟောင်း Mimura Akio ဦးဆောင်တဲ့ ပုဂ္ဂလိက လေ့လာရေးအဖွဲ့ လူဦးရေဆိုင်ရာမဟာဗျူဟာ ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာဟာ ဂျပန်က မြို့ရွာ ၁,၇၀၀ ကျော်မှာ နေထိုင်တဲ့ အသက် ၂၀ နဲ့ ၃၀ တန်း အမျိုးသမီး အရေအတွက်ကို သုံးသပ်လေ့လာထားတာ ဖြစ်ပါတယ်။

၂၀၅၀ ပြည့်နှစ်မတိုင်ခင် မီးဖွားနိုင်တဲ့အရွယ် အမျိုးသမီးတွေရဲ့ လူဦးရေဟာ လက်ရှိကိန်းဂဏန်းတွေရဲ့ ထက်ဝက်အောက်ကို ကျဆင်းသွားမယ့် လမ်းကြောင်းပေါ်မှာရှိနေတဲ့အတွက် အဲဒီမြို့ရွာတွေထဲက ၇၄၄ ခုဟာ တစ်ချိန်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကောက်ချက်ချထားပါတယ်။ အဲဒီအနေအထားဟာ အဲဒီမြို့ရွာတွေမှာ လူဦးရေကျဆင်းမှုကို ပိုမိုကြီးမားစေနိုင်ပြီး နောက်ဆုံးမှာ မြို့ရွာ ပျောက်ကွယ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ လူဦးရေ ကျဆင်းမှုဟာ နောက်ဆုံးမှာ စီးပွားရေးကို "ကျုံ့ဝင်မှုသံသရာလည်ခြင်း" အနေအထားအထိ ကျဆင်းစေမှာကို မစ္စတာ Mimura က စိုးရိမ်နေပါတယ်။

"နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို ဆက်လက်ဆုံးရှုံးရနိုင်ပြီး ကျွန်တော်တို့ရဲ့ လူမှုဖူလုံရေးစနစ် တည်တံ့ခိုင်မြဲမှုဟာ သိသိသာသာ ထိခိုက်လာလိမ့်မယ်" လို့ သူကပြောပါတယ်။