အချက်အလက်

မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး

မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၁)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးတာတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်မယ့် အစီအစဉ် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ တိမ်းရှောင်တဲ့ အချိန်မှာ သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး မိုးအကြီးအကျယ် ရွာသွန်းနေချိန်မှာ တိမ်းရှောင်တဲ့ အခါဘောင်းဘီလိုမျိုး အလွယ်အကူ လှုပ်ရှားနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။ နွေရာသီမှာတောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်တာဟာ ထိခိုက်မှု တွေကနေ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ နောက်ပြီး မိမိ အမြဲဝတ်လေ့ရှိတဲ့ Sneaker လိုမျိုး ဖိနပ်ကို ရွေးချယ်စီးသင့် ပါတယ်။ လည်ရှည် ဘွတ်ဖိနပ်တွေဟာ အတွင်းကို ရေဝင်ရောက်နေနိုင်တာကြောင့် လေးလံလာစေပြီး သွားလာဖို့ ခက်ခဲစေပါတယ်။ ခြေညှပ်ဖိနပ်နဲ့ တခြား ရှူးဖိနပ်တွေကတော့ အလွယ်တကူ ကျွတ်ထွက်စေနိုင်ပြီး အန္တရာယ်ရှိတာကြောင့် မစီးသင့်ပါဘူး။ မိမိ နဲ့ အတူယူဆောင်သွားမယ့် အိတ်အတွင်းမှာ အနည်းဆုံး လိုအပ်တဲ့ ပစ္စည်းကိုပဲ ထည့်ပြီး တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးဖြစ်နေစေဖို့ လိုအပ်ပါတယ်။ ကျောပိုးအိတ်ကို အသုံးပြုသင့်ပြီး လက်တွေမှာ ဘာပစ္စည်းမှ မကိုင်ထားတာ အကောင်းဆုံးပါ။ ခြေချော်ချတာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါ။ ထီးဆောင်းတာထက် မိုးကာအင်္ကျီ ဝတ်ဆင်တာက ပိုပြီးဘေးကင်းစိတ်ချ ရပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းတဲ့အခါ မိမိ ပတ်ဝန်းကျင်မှာ အခြေအနေ အဆိုးဆုံး မဖြစ်လာခင် အချိန်မှာ တိမ်းရှောင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ မြစ်ရေကြီးလာတဲ့အခါ မော်တော်ကားတွေတောင် ရေထဲမှာ အလျင်အမြန် မြောပါသွား နိုင်ပါတယ်။ မိမိနေထိုင်ရာ ဒေသန္တရမြို့အုပ်ချုပ်ရေးအဖွဲ့က တိမ်းရှောင်ရေးအမိန့် ထုတ်ပြန်တာနဲ့ တစ်ပြိုင်နက် အမြန်ဆုံး တိမ်းရှောင်သင့်ပါတယ်။
အသက်အရွယ်ကြီးသူတွေနဲ့ တခြားသူတွေကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ တိမ်းရှောင်ဖို့ တိုက်တွန်းချိန်မှာ မသန်စွမ်းသူတွေနဲ့ ကြာရှည်မလှုပ်ရှားနိုင်သူတွေလည်း စတင် တိမ်းရှောင်သင့်ပါတယ်။
ဒီသတင်းအချက်အလက်တွေက ဇူလိုင်လ ၅ရက်နေ့က ရရှိထားတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။


မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၂)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းတာတွေ ဖြစ်တတ်တဲ့ရာသီပါ။ မိုးအကြီးအကျယ် ရွာသွန်းတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာသိစေဖို့ ဒီနေ့မှာလည်း တင်ဆက်သွားပါမယ်။
တိမ်းရှောင်မှုတွေလုပ်တဲ့အခါ ဘာကို သတိပြုရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကို နားဆင်ကြပါ။ အန္တရာယ်ကင်းတဲ့ နေရာကို တိမ်းရှောင်ပြီဆိုရင် တစ်ယောက်တည်းသွားဖို့ မကြိုးစားပါနဲ့၊ နှစ်ယောက် ဒါမှမဟုတ် အုပ်စုလိုက်သွားပါ။ ရေမြုပ်နေတဲ့ လမ်းတွေ၊ နေရာတွေကို အသုံးပြုတာမျိုး ရှောင်ရှားပါ။ ရေဟာ လူကြီးတစ်ယောက်ရဲ့ ဒူးဆစ်လောက်ရှိတဲ့ ၅၀ စင်တီမီတာ အမြင့်ကိုရောက်လာပြီဆိုရင် ရေရဲ့ဖိအားကြောင့် လူကြီး တစ်ယောက်တောင် လမ်းလျှောက်ဖို့ မလွယ်ပါဘူး။ ရေစီးနေတဲ့အထဲ လမ်းလျှောက်ပြီဆိုရင် လူတစ်ယောက်ဟာ လွယ်လွယ်နဲ့ ခြေထောက်ယိုင်ကာ လဲကျပြီး ရေတိမ်ထဲမှာတောင် မျောပါသွားနိုင်ပါတယ်။
ရေမြုပ်နေတဲ့လမ်းတွေဟာ ပိုပြီးတော့ အန္တရာယ်များပါတယ်။ ကိုယ့်ရှေ့ကလမ်းမှာ ဘာရှိနေသလဲဆိုတာ မြင်ဖို့မလွယ်တဲ့ အတွက် အလွယ်တကူနဲ့တိုက်မိပြီး လဲကျသွားနိုင်ပါတယ်။ အပေါက်တွေထဲ၊ ရေမြောင်းထဲ၊ အဖုံးမရှိတော့တဲ့ လမ်းပေါ်က တွင်းတွေထဲ ပြုတ်ကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
ရေမြုပ်နေတဲ့နေရာကိုဖြတ်ပြီးသွားဖို့ကလွဲပြီး တခြားရွေးစရာလမ်း မရှိတဲ့အခါ ရေနက်တဲ့နေရာ၊ ရေစီးကြောင်းရှိတဲ့ နေရာတွေကို ရှောင်ရှားပြီးသွားသင့်ပါတယ်၊ ရှေ့မှာ ဘာရှိသလဲဆိုတာ သိဖို့ ထီးအရှည် ဒါမှမဟုတ် တုတ်ချောင်းရှည်ကို အသုံးပြုပြီးသွားကြပါ။
ဒီသတင်းအချက်အလက်တွေကတော့ ဇူလိုင်လ ၆ ရက်နေ့အထိ အတည်ပြုထားတာဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်တွေကို NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ရယူနိုင်ပါတယ်။



မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၃)

ဒီသတင်းဟာ ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပါတယ်။ အခုရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ မိုးအကြီးအကျယ် ရွာသွန်းတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပါမယ်။ ဒီတစ်ကြိမ်မှာတော့ မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာကို သတိထားသင့်သလဲဆိုတာကို အဓိကထားပြီး တင်ဆက်ပါမယ်။
ကားနဲ့ တိမ်းရှောင်တာ ဖြစ်တဲ့အတွက် လုံခြုံတယ်လို့ မယူဆ သင့်ပါဘူး။
၂၀၁၉ ခုနှစ်မှာ တိုင်ဖွန်းမုန်တိုင်း Hagibis တိုက်ခဲ့ချိန်က အဆောက်အဦ ပြင်ပမှာ ရှိနေတုန်း သေဆုံးခဲ့သူတွေထဲက ၄၀ ရာခိုင်နှုန်းဟာ ကားနဲ့ တိမ်းရှောင်နေခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ကားနဲ့အတူ ရေထဲ မြောပါသွားတာ ဒါမှမဟုတ် ပြိုနေတဲ့ လမ်းတွေထဲ ပြုတ်ကျတာမျိုးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
လေရောမိုးပါ ပြင်းထန်နေရင် ကားမောင်းပြီး အိမ်ပြန်တာမျိုး မလုပ်ပါနဲ့။
မြစ်ချောင်းတွေတစ်လျှောက်နဲ့ စပါးခင်းတွေ ရှိတဲ့ ဧရိယာ အနီးတစ်ဝိုက်ကို ရှောင်ရှားပါ။
ရေလျှံနေတဲ့ လမ်းတွေဟာ အန္တရာယ်များပါတယ်။ လူတွေဟာ လမ်းပေါ်က အတားအဆီးတွေကို မြင်ရဖို့ ခက်တာကြောင့် ခလုတ်တိုက်ပြီး ခလုတ်တိုက်ပြီး လဲကျသွားနိုင်ပါတယ်။ ရေလျှံနေတဲ့ လမ်းတွေဟာ တိုက်စားခံထားရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ အရင်က ဘေးအန္တရာယ်တွေ ကျရောက်ခဲ့တုန်းက ပြိုနေတဲ့ လမ်းတွေရဲ့ အနေအထားကို သတိမပြုမိဘဲ ပြုတ်ကျပြီး သေဆုံးခဲ့သူ တချို့ ရှိခဲ့ဖူးပါတယ်။
ကိုယ်အသုံးပြုနေကျ လမ်းဖြစ်ရင်တောင်မှ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထား စစ်ဆေးသင့်ပါတယ်။
ဒီသတင်းအချက်အလက်တွေဟာ ဇူလိုင်လ ၇ ရက်နေ့အချိန်အထိ ရရှိထားတာတွေဖြစ်ပြီး NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။



မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၄)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးမှုတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်ပါမယ်။ ဒီတစ်ကြိမ်မှာလည်း မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အဓိကထားပြီး တင်ဆက်ပါမယ်။
ရေလွှမ်းနေတဲ့ လမ်းတွေမှာ ကားမောင်းတာဟာ အန္တရာယ်များ ပါတယ်။
လွှမ်းမိုးလာတဲ့ ရေတွေဟာ စုပြုံနေလေ့ရှိပြီး တိမ်သယောင် ထင်ရတဲ့ တိုင်အောင် အတော်နက်နေတတ်ပါတယ်။
လွှမ်းလာတဲ့ရေတွေကြောင့် ကားတွေ ရေထဲမှာစီးမြောသွားတာ၊ နစ်မြုပ်တာ၊ ရေတွေဝိုင်းပြီး ပိတ်မိတာတွေ ဖြစ်နိုင်ပါတယ်။
ရေလွှမ်းတဲ့အခါလမ်းတွေရဲ့ ပြိုကျပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ၊ လမ်းဘေးမြောင်း ဒါမှမဟုတ် ဆည်ရေတူးမြောင်းတွေက ရေအောက်မှာ မြုပ်နေတာကြောင့် မြင်နိုင်ဖို့ ခက်ခဲတဲ့အတွက် ရေလွှမ်းနေတဲ့ လမ်းမှာ ကားနဲ့ မောင်းနှင်သွားလာတဲ့အခါ အဲဒါတွေထဲကို ပြုတ်ကျနိုင်တဲ့အန္တရာယ် ရှိပါတယ်။
ရေလွှမ်းတဲ့လမ်းတွေကို ကွေ့ရှောင် သွားလာဖို့ ကြိုးစားပါ။
ဘေးကင်းရာ တိမ်းရှောင်ဖို့အတွက် တခြား ရွေးစရာလမ်းမရှိလို့ ရေလွှမ်းနေတဲ့ လမ်းကနေ သွားရမယ်ဆိုရင် ရှေ့က ကားနဲ့ အကြား လုံလောက်တဲ့အကွာအဝေးကို ထိန်းသိမ်းရင်း ဖြေးဖြေးမောင်းပါ။
ဒါကတော့ ရှေ့မှာရှိတဲ့ကားက ရေတွေစင်တဲ့အခါ ကိုယ့်ရဲ့ မြင်ကွင်းက ဝေဝါးသွားနိုင်တာကြောင့်ပါ။ ဒါ့အပြင် အဲဒီကားက ရုတ်တရက် ရပ်လိုက်တဲ့အခါ နောက်ကနေ ဝင်ဆောင့်မိတဲ့ အန္တရာယ်လည်း ရှိပါတယ်။
မြန်မြန်မောင်းတာဟာ ရေတွေ ပိုစင်စေတာကြောင့် အင်ဂျင်တွေ ရေစိုပြီး ပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။
ဒါတွေဟာ ဇူလိုင်လ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။



မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၅)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးမှုတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးပါမယ်။  ဒီတစ်ကြိမ်မှာလည်း မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကထားပြီး ပြောပါမယ်။ ဒါပေမဲ့ တိမ်းရှောင်ဖို့ တခြားနည်းလမ်းတစ်ခုခု ရွေးချယ်နိုင်တဲ့အခါ မော်တော်ကားတွေအသုံးပြုတာကို ရှောင်ရှားဖို့ အကြံပေး ချင်ပါတယ်။
ကားနဲ့ တိမ်းရှောင်တဲ့အခါမှာ ကိုယ့်ရဲ့ကားက ရေထဲမှာ နစ်မြုပ်သွားနိုင်ပါတယ်။ ကားက ၃၀ စင်တီမီတာအနက်ရှိတဲ့ ရေထဲမှာ မောင်းရင်းနဲ့ စက်သေသွားနိုင်တာကို သတိထားပါ။ ၅၀ စင်တီမီတာနဲ့ အထက်ရှိတဲ့ ရေအနက်မှာ ကားက ရေမြုပ်ပြီး မြောပါသွားနိုင်တာကို သတိထားပါ။
လူစီးကားတွေဆိုရင် ရေကြီးလာတဲ့အခါ ကားတံခါးအောက်ခြေ ဒါမှမဟုတ် ကားရဲ့ ကြမ်းပြင်ကို ရေ မကျော်သင့်ပါဘူး။
ဒါပေမဲ့ ရေ အရမ်းမနက်တဲ့အချိန်မှာတောင်မှ သတိထားကြပါ။ မြစ်ရေလျှံရာကနေ ရေတွေ ကြီးလာတဲ့အချိန်မှာလို ရေစီးသန်နေရင် ကားက အလွယ်တကူနဲ့ မြောပါသွား နိုင်ပါတယ်။
ကားက ရေထဲမှာ နစ်မြုပ်သွားပြီဆိုရင် ရေရဲ့ ဖိအားကြောင့် ကားတံခါးတွေကို ဖွင့်ဖို့ ခက်ခဲလာပါတယ်။ တံခါးကြီးလေ ရေရဲ့ ဖိအားက ပိုပြီး များလေ ဖြစ်တဲ့အတွက် တံခါးကြီးကြီး ဒါမှမဟုတ် လျှောတံခါးတွေတပ်ထားတဲ့ ကားတွေကနေ လွတ်မြောက်ဖို့ ပိုပြီး ခက်ခဲပါလိမ့်မယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ ကားထဲမှာ ကားပြတင်းပေါက်တွေကို ခွဲဖို့ အထူးကိရိယာတစ်ခုကို ဆောင်ထားရင် ကောင်းပါမယ်။ အဲဒီလို ကိရိယာ မရှိတဲ့အချိန်မှာ ကားထိုင်ခုံရဲ့ အမှီကို ညှိတဲ့ သတ္တုချောင်းကို အသုံးပြုနိုင်ပါတယ်။ ပြတင်းပေါက် အောက်ခြေနား ကားတံခါးနဲ့ ပြတင်းပေါက်ကြား ဟ နေတဲ့နေရာကို အဲဒီသတ္တုချောင်းကို ထိုးသွင်းလိုက်ပါ။ ပြတင်းပေါက်ကို ခွဲဖို့ ထိုင်ခုံအမှီကို ကိုယ့်ဘက်ကို ဆွဲလိုက်ပါ။
အဆိုးဆုံး အနေအထားဖြစ်တဲ့ ကားထဲ ရေဝင်လာပြီး ကိုယ်တိုင် ရေထဲမှာ မြုပ်နေတဲ့ အနေအထားမျိုးမှာ ဆိုရင် ကားထဲကို ရေတွေ လုံလုံလောက်လောက် ဝင်လာရင် ကား အတွင်းနဲ့ အပြင်က ဖိအားက အတူတူ ဖြစ်လာတဲ့အတွက် ကားတံခါး ဖွင့်နိုင်လိမ့်မယ်ဆိုတာကို သတိရပါ။
အခုတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် မီဒီယာ စာမျက်နှာလည်း ဖတ်ရှုနိုင်ပါတယ်။


မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၆)

ဒီသတိပေးချက်က ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေဖြစ်တတ်တဲ့ ရာသီဖြစ်ပါတယ်။ ဒီလို မိုးကြီးရေလျှံဖြစ်တဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်ရမယ့်နည်းလမ်း တွေကို လေ့လာကြပါမယ်။
ရေကြီးရေလျှံချိန်မှာမော်တော်ကားနဲ့ ထွက်ပြေးတိမ်းရှောင်ဖို့ ဖြစ်လာတဲ့အချိန်မျိုးမှာ သတိထားသင့်တဲ့ အချက်အလက်တွေကို ကြည့်ကြရအောင်။
ရထားလမ်း ဒါမှမဟုတ် ခုံးကျော်တံတားအောက်မှာ ရှိတဲ့ လမ်းတွေကို ဖြတ်သန်းမောင်းနှင်တဲ့အခါ သတိထားရပါမယ်။ အဲဒီ ခုံးကျော်တံတားအောက်က လမ်းတွေဟာ အနီးနားက မြေပြင်ထက် နိမ့်နေတာကြောင့် မိုးရွာတဲ့အခါ အချိန်တိုအတွင်း ရေတွေအိုင်ပြီး ရေလျှံလာနိုင်ပါတယ်။ ယာဉ်မောင်းတွေဟာ အဲဒီခုံးတံတားအောက်က လမ်းတွေမှာ ရေတက်ရေလျှံဖြစ်နေတာကို သတိမထားမိဘဲ မောင်းဝင်တဲ့အတွက် ကားမတော်တဆမှု ဖြစ်ပြီး အသက်ဆုံးရှုံးရတဲ့ကိစ္စမျိုးတွေ ခဏခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့် ဘေးလွတ်ရာကို ကားနဲ့တိမ်းရှောင်တဲ့အခါ ခုံးတံတားအောက်က ကားလမ်းတွေကို တတ်နိုင်သမျှ ရှောင်ပြီးမောင်းပါ။ မမောင်းမဖြစ် အဲဒီလမ်းက မောင်းနှင်ရမယ်ဆိုရင် ရေဘယ်လောက်ထိ တက်နေတယ်ဆိုတာကို စစ်ဆေးပြီးမှ ကားကို သတိထား မောင်းသွားဖို့လိုပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ ဇူလိုင်လ ၇ ရက်နေ့အချိန်အထိ ရရှိထားတာတွေဖြစ်ပါတယ်။