အချက်အလက်

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ အမေးအဖြေများ (၂)

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်တဲ့ သောတရှင်တွေရဲ့ မေးခွန်းတွေကို NHK ရဲ့ ကျွမ်းကျင်သူတွေက ဖြေကြားပေးပါမယ်။
အခုတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို NHK World Japan ရဲ့ အင်တာနက်စာမျက်နှာ ဒါမှမဟုတ် NHK ရဲ့ ဂျပန်ဘာသာနဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ အတည်ပြုနိုင်ပါတယ်။

11. "ဆပ်ပြာနဲ့ ဆေးပြီးပိုးသတ်တာဟာ အရက်ပြန် အသုံးပြုပြီး ပိုးသတ်တာနဲ့ ထိရောက်မှုက အတူတူပဲလား" 
13. "၂၀၀၃ ခုနှစ်တုန်းက SARS ရောဂါ ကူးစက်ပြန့်ပွားမှုအတွင်း ရေနုတ်ပိုက်လိုင်းကနေ စိမ့်ထွက်လာတဲ့ စွန့်ပစ်ရေတွေကနေ တစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ခဲ့တယ်လို့ ကြားသိရ ပါတယ်။ COVIC19 ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ်က SARS ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆင်တယ်လို့ ပြောကြတယ်။ ဒီကိုရိုနာ ဗိုင်းရပ်စ် အသစ်က အလားတူ ပုံစံနဲ့ တစ်ခုခု ဖြစ်လာနိုင်ပါသလား? 
14. " ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူငယ်တွေ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရနိုင်သလား" 
15. "တရုတ်နိုင်ငံ ဝူဟန်မြို့၊ အီတလီနဲ့ တခြားဥရောပနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ရဲ့ ပင်ကိုယ်သဘာဝက အသွင်ပြောင်းတာမျိုး ဖြစ်နေပါသလား"
16. "Avigan ဆေးက ဘယ်လို အကျိုးသက်ရောက်မှု ရှိပါသလဲ"
17. "နိုင်ငံ တစ်ခုမှာ အရေးပေါ်အခြေအနေကြေညာတာက ပြည်သူတွေရဲ့ နေထိုင်မှုဘဝကို ဘယ်လောက်အထိ ထိရောက်မှုတွေရှိပါသလဲ" 
18. "အရေးပေါ် အခြေအနေ ကြေညာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ"
1-10
19-




11. "ဆပ်ပြာနဲ့ ဆေးပြီးပိုးသတ်တာဟာ အရက်ပြန် အသုံးပြုပြီး ပိုးသတ်တာနဲ့ ထိရောက်မှုက အတူတူပဲလား" 

အဖြေ- တိုကျိုမြို့ St.Luke's International Hospital က ရောဂါထိန်းချုပ်ရေးပါရဂူ မီးစ် စာကာ့မိုတို ဖူမိအဲ (Sakamoto Fumie က ဖြေကြားပေးပါမယ်။ ဆပ်ပြာနဲ့ ဆေးပြီး ပိုးသတ်တာက အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိတယ်လို့ သူက ပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဆပ်ပြာမှာ အရာဝတ္ထုပစ္စည်းတွေရဲ့ အပေါ်ယံ မျက်နှာပြင်ကို ဖျက်ပစ်နိုင်တဲ့ဓာတ် ပါဝင်တဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ အပေါ်ယံအမြှေးပါးကို ပျက်စီးစေပါတယ်။

ဒါကြောင့် ဆပ်ပြာက ဒီဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ဖျက်ဆီးနိုင်တယ်လို့ မီးစ် စာကာ့မိုတိုက ပြောပါတယ်။

အရက်ပြန်ကလည်း ထိရောက်မှုရှိတယ်။ ဒါပေမဲ့ လက်တွေက ညစ်ပတ်နေမယ်ဆိုရင် ရောဂါပိုးရှိနေနိုင်တဲ့ လက်ကြို လက်ကြားအထိ ရောက်အောင် ပိုးသတ်ဖို့အတွက် တစ်ခါတလေ ခက်ခဲမယ်လို့ မီးစ် စာကာ့မိုတိုက ပြောပါတယ်။

လူတွေအနေနဲ့ လက်တွေကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြဖို့ မီးစ် စာကာ့မိုတိုက တိုက်တွန်းပါတယ်။



13. "၂၀၀၃ ခုနှစ်တုန်းက SARS ရောဂါ ကူးစက်ပြန့်ပွားမှုအတွင်း ရေနုတ်ပိုက်လိုင်းကနေ စိမ့်ထွက်လာတဲ့ စွန့်ပစ်ရေတွေကနေ တစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ခဲ့တယ်လို့ ကြားသိရ ပါတယ်။ COVIC19 ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ်က SARS ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆင်တယ်လို့ ပြောကြတယ်။ ဒီကိုရိုနာ ဗိုင်းရပ်စ် အသစ်က အလားတူ ပုံစံနဲ့ တစ်ခုခု ဖြစ်လာနိုင်ပါသလား? 

အဖြေ- ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ်နဲ့ SARS ဗိုင်းရပ်စ်တွေဟာ ကိုရိုနာ ဗိုင်းရပ်စ် မျိုးတူ အုပ်စုဝင်တွေ ဖြစ်ကြပါတယ်။ SARS ရောဂါဖြစ်စေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်က လည်ချောင်းနဲ့ အဆုတ်ကိုသာမက အူထဲမှာလည်း ကောင်းကောင်း ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝန်းက နေရာအနှံ့အပြားမှာ လူတွေအကြား SARS ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခဲ့တဲ့ အချိန်တုန်းက ဟောင်ကောင်က လူနေတိုက်ခန်းတစ်ခုမှာ အကြီးအကျယ်ကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရေနုတ်ပိုက်လိုင်းအဟောင်းတွေကနေ ယိုစိမ့်ထွက်လာတဲ့ ဗိုင်းရပ်စ်တွေပါတဲ့ရေစက်တွေကြောင့် အခုလို အကြီးအကျယ် ကူးစက်မှုတွေဖြစ်ပွားတာလို့ သံသယရှိခဲ့ကြပါတယ်။

ရောဂါကူးစက်မှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Tohoku Medical and Pharmacetical University က ပါမောက္ခ ခါခု မီဆုအို (Kaku Mitsuo) အဆင့်မြင့်နည်းပညာတွေရှိတဲ့ နိုင်ငံတွေမှာ ရေနုတ်ပိုက်လိုင်းတွေကနေ တစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတဲ့ အန္တရာယ် နည်း ပါတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အိမ်သာနဲ့ ဘေးပတ်ဝန်းကျင်က နေရာတွေရဲ့ မျက်နှာပြင်မှာ ကပ်နေတဲ့ ရောဂါပိုးမွှားတွေကနေတော့ ကူးစက်နိုင်ခြေရှိတယ်။ ညစ်ပတ်နေတဲ့ မျက်နှာပြင်ကို လက်နဲ့ ကိုင်တွယ်မိတာကနေ ကူးစက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

လူတွေအနေနဲ့ အိမ်သာတက်ပြီးလို့ ရေမဆွဲချခင်မှာ အဖုံးကို ပိတ်ထားသင့်ပြီး အိမ်သာက ထွက်လာတဲ့နောက်မှာလည်း လက်ကို သေသေချာချာ ရေနဲ့ဆေးသင့်တယ်လို့ ပါမောက္ခ ခါခုက ပြောပါတယ်။ ဒါ့အပြင် လူတွေအနေနဲ့ ဘုံဘိုင်ခေါင်းတွေ၊ လက်ကိုင်ရေကရားတွေနဲ့ တံခါးလက်ကိုင်ဘု တွေကို သေသေချာချာ ပိုးသတ်တာလိုမျိုး နေ့စဉ်နေထိုင်မှုဘဝမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကို မဖြစ်မနေ လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ဧပြီလ ၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။



14. " ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူငယ်တွေ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရနိုင်သလား" 

အဖြေ- အသက်ကြီးသူတွေနဲ့ ကျန်းမာရေး ချို့တဲ့သူတွေဟာ ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ ရောဂါ ဝေဒနာတွေ ခံစားရလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လတုန်းက ဗြိတိန်က အသက် ၂၁နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ပြင်သစ်က အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဟာ ရောဂါဝေဒနာ အခံတွေမရှိပါဘဲ ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာကနေ သေဆုံးခဲ့ကြပါတယ်။ လတ်တလော ဖြစ်ရပ်တွေမှာ တချို့ လူငယ်တွေလည်း ပြင်းထန်တဲ့ ရောဂါ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ဂျပန်မှာလည်းအတော်အသင့် ငယ်ရွယ်တဲ့ လူငယ်တွေထဲမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာခံစားရတာတွေ ပေါ်ထွက်လာနေပါတယ်။ ဂျပန် နိုင်ငံပိုင်ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးစင်တာ က မစ္စတာ ခတ်ဆုနူမ စာ့တိုရှီ (Katsunuma Satoshi) က သူကုသခဲ့တဲ့ လူနာ ၃၀ကျော်ထဲမှာ အသက် ၄၀ကျော်ကျော် အရွယ် အမျိုးသားဟာ ကြီးမားတဲ့ ကျန်းမာရေးချို့ယွင်းမှုအနေအထားတွေ မရှိဘဲနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ အစောပိုင်းရက်အတော်ကြာ ကိုယ်ပူတာနဲ့ ခေျာင်းဆိုးတာတွေပဲဖြစ်နေခဲ့ပေမဲ့ တစ်ပတ်လောက်အကြာမှာ ဆိုးရွားတဲ့ အဆုတ်ရောင်ရောဂါဖြစ်လာပြီး အသက်ရှူကြပ်တဲ့ အနေအထား ဟာ အချိန်တိုအတွင်းမှာ ဆိုးရွားလာခဲ့ပါတယ်။ အဲတာကြောင့် အသက်ရှူစက်တပ်ဖို့ လိုအပ်လာခဲ့တယ်လို့ မစ္စတာ ခတ်ဆုနူမ က ပြောပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အမျိုးသားဟာ ပြန်ပြီး နေကောင်းလာခဲ့ပါတယ်။

ငယ်ရွယ်သူတွေလည်း ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အသက် ငယ်ရွယ်လို့ စိုးရိမ်စရာမရှိဘူးလို့ လူငယ် လူရွယ် တွေ အနေနဲ့ မတွေးကြစေလိုဘူးလို့ မစ္စတာ ခတ်ဆုနူမ က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကလည်း  အသက် ၅၀အောက် လူတွေ ဆေးရုံတက်ရတာ အများအပြားရှိတယ်လို့ သတိပေးနေပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ် တားဆီးရေး စင်တာ က အသက် ၂၀နဲ့ ၄၄နှစ်အကြား အရွယ် ကူးစက်ခံရသူတွေရဲ့ ၂ရာခိုင်နှုန်းကနေ ၄ရာခိုင်နှုန်းဟာ အထူးကြပ်မတ် ကုသဆောင်တွေမှာ ရောက်နေတယ်လို့ သိရပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ဧပြီလ ၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ သတင်း အချက်အလက်တွေကို NHK World Japan ရဲ့ အင်တာနက်စာမျက်နှာ ဒါမှမဟုတ် NHK ရဲ့ ဂျပန်ဘာသာနဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ အတည်ပြုချက် ရယူနိုင်ပါတယ်။



15. "တရုတ်နိုင်ငံ ဝူဟန်မြို့၊ အီတလီနဲ့ တခြားဥရောပနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ရဲ့ ပင်ကိုယ်သဘာဝက အသွင်ပြောင်းတာမျိုး ဖြစ်နေပါသလား" 

အဖြေ-မတ်လ အစောပိုင်းတုန်းက တရုတ်သုတေသီအဖွဲ့ တစ်ဖွဲ့ဟာ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာ ၁၀၀ ကျော်ဆီကနေ ဒီဗိုင်းရပ်စ်ပိုးရဲ့ မျိုးစေ့ဗီဇကိုယူပြီး လေ့လာ ခဲ့ကြပါတယ်။ အဲဒီလို လေ့လာတဲ့အခါမှာ L နဲ့ S ဆိုပြီး မျိုးစေ့ ဗီဇလက္ခဏာ မတူတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစား ၂ ခုကို အဲဒီ သုတေသီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

S အမျိုးအစားဟာ လင်းနို့တွေမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစေ့ဗီဇ ဖွဲ့စည်းပုံနဲ့ အနီးစပ်ဆုံး တူနေတာကို အဲဒီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

L အမျိုးအစား မျိုးစေ့ဗီဇရှိတဲ့ ဗိုင်းရပ်စ်ကတော့ ဥရောပနိုင်ငံတွေက လူနာတွေမှာ အများဆုံးတွေ့ရပြီး S အမျိုးအစားနဲ့ နှိုင်းယှဉ်ကြည့်တဲ့ အခါမှာ ဗိုင်းရပ်စ် အသစ်ပုံစံတစ်ခု ဖြစ်နေတယ်လို့ ယူဆရပါတယ်။

ဗိုင်းရပ်စ်တွေရဲ့ လက္ခဏာတွေကို လေ့လာနေတဲ့  Ritsumeikan University Colleage of Life Sciences Department က ပါမောက္ခ အိတို မာစာ့ဟီရို (Ito Masahiro) က ကိုရိုနာ ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း အသွင်လက္ခဏာ ပြောင်းလွယ်တဲ့ ဗိုင်းရပ်စ်လို့ ပြောပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူတွေကနေတစ်ဆင့် ဗိုင်းရပ်စ်ရဲ့ အသွင်လက္ခဏာပြောင်းသွားတာဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အဆင့်ဆင့် အကြိမ်ကြိမ်ဖြစ်ပွား လာရာကနေ ဖြစ်လာတာလို့ ယုံကြည်ကြပါတယ်။

တစ်ချိန်တည်းမှာ ဒီဗိုင်းရပ်စ်က အလွယ်တကူ ကူးစက်နိုင်တဲ့ အစွမ်းရှိလာအောင် အသွင်ပြောင်းလဲလာဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဒီဗိုင်းရပ်စ်ရဲ့ မျိုးစေ့ဗီဇဆိုင်ရာဖွဲ့စည်းပုံကတော့ မပြောင်းသေးဘူးလို့ ယူဆရကြောင်း ပါမောက္ခ အိတိုက ပြောပါတယ်။

L အမျိုးအစား မျိုးစေ့ဗီဇနဲ့ S အမျိုးအစားမျိုးစေ့ ဗီဇတွေမှာ ခြားနားချက်တွေရှိတယ်ဆိုရင်တောင်မှ ဘယ်အမျိုးအစားက ရောဂါ လက္ခဏာ ပြင်းထန်စေတယ်ဆိုတာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်ကတော့ မရရှိသေးပါဘူး။ ရောဂါပြင်းထန် မှုနှုန်းနဲ့ အသေအပျောက်နှုန်းတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူးလို့ ပါမောက္ခ အိတိုက ပြောပါတယ်။

ဒီလိုမျိုး ကွဲပြားနေတာက နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို လူဦးရေအချိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့နဲ့ အစားအသောက် ယဉ်ကျေးမှုတွေ မတူကွဲပြားတာတွေနဲ့ ဆိုင်တယ်လို့ ပါမောက္ခ အိတိုက ယူဆထားပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ဧပြီလ ၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။



16. "Avigan ဆေးက ဘယ်လို အကျိုးသက်ရောက်မှု ရှိပါသလဲ"

အဖြေ- Favipiravir အဖြစ် သိကြတဲ့ Avigan ဆေးဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဂျပန်ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီတစ်ခုက တီထွင် ထုတ်လုပ်ခဲ့တဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး တစ်မျိုး ဖြစ်ပါတယ်။

တိရစ္ဆာန်တွေကို လက်တွေ့စမ်းသပ်မှုမှာ ဘေးထွက် ဆိုးကျိုးကို သိထားတဲ့အတွက်ကြောင့် ဂျပန်အစိုးရဟာ အဲဒီဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလိုမျိုး တချို့လူတွေကို ကုသရာမှာ အသုံးပြုဖို့အတွက် အတည်မပြုခဲ့ပါဘူး။ အခုအချိန်မှာ အစိုးရက ခွင့်ပြုတဲ့ ကုသမှုမှာပဲ Avigan ဆေးကို ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံထားရတဲ့ လူနာတွေကို တိုက်ပါလိမ့်မယ်။

အခုထိတော့ ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ် ကူးစက်ခံရတဲ့ လူနာတွေကို ထိရောက်တဲ့ ကုသမှုတွေ လုပ်နိုင်တဲ့ တခြားသိပြီးသား ဆေးဝါးတွေ မရှိသေးပေမဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ အလားတူတဲ့ ဒီဗိုင်းရပ်စ်ကို ကုသဖို့ Avigan ဆေးက ထိရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီဆေးရဲ့ အာနိသင်ထိရောက်မှုကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ စမ်းသပ် သုတေသန လုပ်ဆောင်နေကြပါတယ်။

ဆေးဖက်ဆိုင်ရာ သုတေသနဌာန ၂ ခုမှာ စမ်းသပ်ခဲ့တဲ့  ရလဒ်တွေကို တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ ကွမ်တုံ (Guangdong) ပြည်နယ် ရှန်ကျန်း (Shenzhen) မြို့က သုတေသန ဌာနတစ်ခုမှာ လူနာ ၈၀ ကို လက်တွေ့စမ်းသပ် ကုသခဲ့ပါတယ်။

စမ်းသပ်ကုသ မှုရလဒ်တွေသိရဖို့အတွက် Avigan ဆေးမတိုက် ထားတဲ့ လူနာတွေကို ရောဂါလက္ခဏာ တွေ့ထားရာကနေ မတွေ့တော့တဲ့ အထိ ၁၁ ရက် ကြာခဲ့ကြပါတယ်။ Avigan ဆေးတိုက်ထားတဲ့ သူတွေကတော့ ၄ ရက်ပဲ ကြာပါတယ်။

Avigan ဆေးမတိုက်ထားတဲ့ လူနာ ၆၂ ရာခိုင်နှုန်းရဲ့ အဆုတ် အခြေအနေတိုးတက်ကောင်းမွန်လာချိန်မှာ Avigan ဆေးတိုက် ထားတဲ့ လူနာ ၉၁ ရာခိုင်နှုန်းက ပိုပြီးကောင်းမွန်လာတာကို အဲဒီလူနာတွေရဲ့ ဓာတ်မှန်တွေမှာ တွေ့ရပါတယ်။

ဒီရလဒ်တွေဟာ ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ် ကူးစက်ခံရသူ လူနာတွေကို ကုသဖို့ ဆေးဝါးတွေထဲက တစ်မျိုးအဖြစ် Avigan ဆေးကို တရားဝင်ထည့်သွင်းမယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ မတ်လကတည်းက အိုင်းချိခရိုင်မှာ ရှိတဲ့ ဖူဂျိတ ကျန်းမာရေး တက္ကသိုလ်ဆေးရုံလိုမျိုး ကျန်းမာရေးဌာန တွေမှာ  ရောဂါ လက္ခဏာမပြ သူနဲ့  ရောဂါလက္ခဏာ အနည်းငယ်ပဲပြတဲ့ လူနာစုစုပေါင်း ၈၀ ကို လက်တွေ့စမ်းသပ် ကုသတဲ့ သုတေသန ပြုမှုကို ဆောင်ရွက်နေကြပါတယ်။ 

သိပ္ပံပညာရှင်တွေက ဒီဆေးပေးပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပမာဏကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာနဲ့ ဆေးမပေးဘဲ ဘယ်လောက်လျော့ချနိုင်မလဲ ဆိုတာကို နှိုင်းယှဉ်သုတေသနပြု နေပါ တယ်။

ဂျပန်အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ လက်တွေ့စမ်းသပ် ကုသ မှုတွေကို စတင်နေပြီလို့ Avigan ဆေးထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဒီဆေးရဲ့အာနိသင်နဲ့ ဘေးကင်းစိတ်ချရမှုကို အတည်ပြုနိုင်ရင် အဲဒီကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်ရဖို့အတွက် လျှောက်ထားဖို့ အစီအစဉ်ရှိပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ဧပြီ ၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ 



17.  “နိုင်ငံ တစ်ခုမှာ အရေးပေါ်အခြေအနေကြေညာတာက ပြည်သူတွေရဲ့ နေထိုင်မှုဘဝကို ဘယ်လောက်အထိ ထိရောက်မှုတွေရှိပါသလဲ” 

ဒီမေးခွန်းရဲ့ အဖြေ  ပထမပိုင်းကို ကြည့်ရအောင်။ အရင်ဆုံး အပြင်ထွက်တာနဲ့ ပတ်သက်ပြီး ပြောပါမယ်။

ဂျပန်နိုင်ငံက ခရိုင်အသီးသီးက ခန့်အပ်ထားတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တွေဟာ  အရေးပေါ်အခြေအနေကြေညာထားတဲ့ ကာလ အတွင်းမှာ သတ်မှတ်ထားတဲ့ ဧရိယာမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို အရေးသိပ်မကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ မလုပ်ဖို့အတွက်၊ အပြင်ထွက်တာတွေကို ရှောင်ကြဉ်ကြဖို့အတွက် တောင်းဆို နိုင်ပါတယ်။

ဆေးရုံသွားတာ၊ ကုန်စုံဆိုင်တွေမှာ စျေးဝယ်တာနဲ့ အလုပ်ဆင်းဖို့ သွားလာ ခွင့်ပြုထားပါတယ်။ ဒီလို အုပ်ချုပ်ရေးပိုင်းက တောင်းဆိုချက်တွေက မဖြစ်မနေ လုပ်ရမှာ မဟုတ်ပေမဲ့ နိုင်ငံသားတိုင်း  ပူပေါင်းဆောင်ရွက်ဖို့နဲ့ အကောင်းဆုံး ကြိုးပမ်းအားထုတ်ကြဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကျောင်းတွေနဲ့ ပတ်သက်ပြီး ပြောပါမယ်။

မြို့အုပ်ချုပ်ရေးပိုင်းက ကျောင်းတွေပိတ်ဖို့ တောင်းဆိုတာ ဒါမှမဟုတ် အမိန့်ညွှန်ကြားချက် ထုတ်ပြန်နိုင်ပါတယ်။ ဂျပန်မှာတော့ မတ်လတုန်းက ထုတ်ပြန်ထားတဲ့ အထူး ဥပဒေကို အခြေခံ ပြီး ထုတ်ပြန် ပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ ခရိုင် အထက်တန်းကျောင်းတွေကို ပိတ်ပစ်ဖို့ အခွင့်အာဏာရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တရားစီရင် ဆုံးဖြတ် ပိုင်ခွင့်အရ ပုဂ္ဂလိကကျောင်းတွေ၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကိုလည်း ပိတ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ကျောင်းတွေပိတ်ပါလို့ အမိန့်ညွှန်ကြားချက် ချနိုင်ပေမယ့် အကယ်၍ ကျောင်းတွေက မလိုက်နာဘူးဆိုရင် အရေးယူလို့တော့ မရပါဘူး။

အဆောက်အအုံတွေနဲ့ စတိုးဆိုင်တွေကိုတော့ ကူးစက်ပြန့်ပွားမှုတားဆီးဖို့ အဆောက်အအုံတွေ အသုံးပြုခွင့်ကို ကန့်သတ်ထားဖို့ အာဏာပိုင်တွေအနေနဲ့ ဥပဒေအရညွှန်ကြား နိုင်ပါတယ်။

စတုရန်းမီတာ ၁၀၀၀ ကျော် အကျယ်ရှိတဲ့ အဆောက်အအုံကြီးတွေ ရဲ့  အသုံးပြုမှုတို ကန့်သတ်တာ ဒါမှမဟုတ် တားမြစ်တာ လည်း လုပ်နိုင် ပါတယ်။ လိုအပ်မယ်ဆိုလို့ရှိရင် အရွယ်အစား ငယ်တဲ့ အဆောက်အအုံတွေကိုလည်း အလားတူ အမိန့်ညွှန်ကြားချက် ထုတ်နိုင်ပါတယ်။

တားမြစ် ပိတ်ပစ်နိုင်တဲ့ အဆောက်အအုံအမျိုးအစားတွေကတော့- ပြဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေ၊ ပြပွဲ ကျင်းပတဲ့ နေရာတွေ၊ စတိုးဆိုင်ကြီးတွေ၊ စူပါမားကတ်တွေ၊ ဟိုတယ်ကြီးတွေနဲ့ အသေးစားတည်းခိုခန်းတွေ၊ အားကစားလေ့ကျင့်ရုံတွေနဲ့ ရေကူးကန်တွေ၊ ပြတိုက်တွေ၊ စာကြည့်တိုက်တွေ၊ နိုက်ကကပ်တွေ၊ ယာဉ်မောင်း သင်တန်းကျောင်းတွေနဲ့ ကျူရှင်ကျောင်းတွေ ပါဝင် ပါတယ်။

စူပါမားကတ်တွေကိုတော့ အစားအသောက်၊ ဆေးဝါးနဲ့ နေ့စဉ်သုံး သန့်ရှင်းရေး ပစ္စည်းတွေလိုမျိုး လိုအပ်တဲ့ ပစ္စည်းတွေ ရောင်းချဖို့အတွက် ဆက်ဖွင့်ခွင့် ပြုထားပါတယ်။ မေတ္တာရပ်ခံချက်တွေကို မလိုက်နာတဲ့ တချို့အဆောက်အအုံတွေကို အုပ်ချုပ်ရေးပိုင်း အနေနဲ့ အမိန့် ညွှန်ကြားချက်ထုတ်ပြန် နိုင်ပါတယ်။ အဲဒီလို အမိန့်ထုတ်ပြန်တဲ့ အဲဒီအဆောက်အအုံတွေရဲ့ အမည်ကို လူသိရှင်ကြား အသိပေး ထုတ်ပြန်ပါတယ်။

ပွဲလမ်းတွေနဲ့ ကုန်စည်ပြပွဲတွေကတော့ ဂျပန်မှာ ဥပဒေသစ်အရ အုပ်ချုပ်ရေးပိုင်းက ပြပွဲစီစဉ်သူတွေကို ပွဲ မကျင်းပဖို့ တောင်းဆိုနိုင်ပါတယ်။ ပွဲစီစဉ်သူက မလိုက်နာဘူးဆိုရင် အဲဒီပြပွဲကို အစိုးရ အမိန့်နဲ့ ပိတ်ပစ်နိုင်ပါတယ်။ အဲဒီနောက် အုပ်ချုပ်ရေးမှူးတွေဟာ ခရိုင်ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဒါမှမဟုတ် တခြား မီဒီယာတွေမှာ ပွဲစီစဉ်သူတွေရဲ့ အမည်ကို ထုတ်ပြန်ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေအကြောင်းပြောပါမယ်။

နိုင်ငံ တစ်နိုင်ငံက အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ပေမယ့် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ လျှပ်စစ်၊ ဂတ်စ် နဲ့ ရေ စတဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှု မရှိပါဘူး။ ခရိုင် အာဏာပိုင်တွေက ရေ၊မီး၊ဂတ်စ် ဖြန့်ဖြူးသူတွေကို သေသေချာချာ ပုံမှန်ဖြန့်ဝေ ပေးနိုင်အောင် ဆောင်ရွက်ချက်တွေ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။

သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်း၊ အင်တာနက်နဲ့ စာတိုက်လုပ်ငန်း ဝန်ဆောင်သူတွေကိုလည်း လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင် ဖို့ အာဏာပိုင်တွေက တောင်းဆိုပါတယ်။

 အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ဆောင်တာကို ကန့်သတ်ထားတာမျိုး ဥပဒေမှာ မရှိပါဘူး။ ဂျပန်ဝန်ကြီးချုပ်နဲ့ ခရိုင်အလိုက် အုပ်ချုပ်ရေးအာဏာပိုင်တွေဟာ သယ်ယူပို့ဆောင်ရေး စနစ်ရဲ့ အောက်ဆုံးအဆင့် လိုအပ်ချက် ပြည့်မှီအောင် လည်ပတ်ဖို့ ဆောင်ရွက် မှုတွေ လုပ်နိုင်ပါတယ်။

အခု ရေးသားခဲ့တဲ့ သတင်းအချက်အလက်တွေက ဧပြီလ ၇ ရက်နေ့က သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။



18. "အရေးပေါ် အခြေအနေ ကြေညာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ"

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေ ဒုတိယပိုင်းကို ပြောပြပေးမှာပါ။ ဂျပန်နိုင်ငံမှာ မျက်နှာနဲ့ နှာခေါင်းစည်းတွေ ဝယ်ယူဖို့  ခက်ခဲလာနေတာနဲ့ ပတ်သက်ပြီး အရင်ဆုံး ပြောပြ ပေးပါမယ်။

ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အထူးဆောင်ရွက်ချက်တွေကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ ဥပဒေအရ မြို့အုပ်ချုပ်ရေး အာဏာပိုင်ဟာ စီးပွားရေး လုပ်ငန်းတွေက နှာခေါင်းစည်းတွေနဲ့ တခြားလိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို ရောင်းချပေးဖို့အတွက် တောင်းဆိုနိုင်တယ်။

ကုမ္ပဏီတွေက အဲဒီတောင်းဆိုချက်ကို လိုက်နာဖို့ ငြင်းဆိုခဲ့ရင် အဲဒီကုမ္ပဏီက ကုန်ပစ္စည်းတွေကို မြို့အုပ်ချုပ်ရေး အာဏာပိုင်က သိမ်းယူခွင့် ပြုထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းကို တုံ့ပြန်ဖို့အတွက် သီးခြားဥပဒေ အဖြစ် ပြဋ္ဌာန်းခဲ့တဲ့ အများပြည်သူ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် အရေးပေါ် ဆောင်ရွက်ချက် ၁၉၇၃အက်ဥပဒေ အရ ဗဟိုအစိုးရဟာ ဟော့ကိုင်းဒိုးမှာ နေထိုင်သူတွေနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို နှာခေါင်းစည်းတွေ ဝယ်ယူပြီး ဖြန့်ချိပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ရင် မြို့အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေနဲ့အညီ တချို့သော ကိစ္စတွေကို အတင်းအကျပ် အရေးယူ ဆောင်ရွက်ခွင့် ပြုပါတယ်။

မြို့အုပ်ချုပ်ရေး အာဏာပိုင် တွေဟာ ယာယီ ဆေးဝါးကုသရေး ဆိုင်ရာ အဆောက် အအုံတွေ  တည်ဆောက်ဖို့ ပိုင်ရှင်တွေဆီကနေ သဘော တူညီချက် ယူစရာမလိုဘဲ မြေနဲ့ အိမ်တွေ၊ အဆောက်အအုံတွေကို အသုံးပြုနိုင်ပါတယ်။ 

ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ၊ အစားအစာနဲ့ တခြားလိုအပ်တဲ့ ကုန်ပစ္စည်းတွေ စုဆောင်းသိုလှောင်ထားဖို့ မြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ကုမ္ပဏီတွေကို အမိန့်ညွှန်ကြားချက် ပေးနိုင် ပါတယ်။

အကယ်၍ အဲဒီ ညွှန်ကြားချက်တွေကို ကုမ္ပဏီတွေက မလိုက်နာဘဲ ကုန်ပစ္စည်းတွေကို ဖွက်ထားတာ ဒါမှမဟုတ် လွှင့်ပစ်ရင် ဥပမာ-သူတို့တွေကို ထောင်ဒဏ် ၆ လ၊ သို့မဟုတ်၊ ယန်း ၃ သိန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၂၈၀၀ လောက် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ပြစ်ဒဏ်တွေ ပါဝင်တာ ဒီဆောင်ရွက်ချက် ၂ မျိုးပဲ ပါပါတယ်။

ဂျပန်နိုင်ငံရဲ့ အရေးပေါ်ကြေညာချက်မှာ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေက အနည်းငယ်ပဲ ပါဝင်ပြီး တခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ lockdown အမျိုးအစားနဲ့တော့ တူမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အရေးပေါ် ကြေညာချက် ဆိုတာဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် အများပြည်သူ ရော စီးပွားရေးလုပ်ငန်းတွေပါ ပူးပေါင်းဆောင်ရွက်ရေးကို နှိုးဆော် နိုင်ဖို့ မျှော်လင့်ပြီး လုပ်တာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေအပေါ်မှာ‌ရော အရေးပေါ် ကြေငြာချက်က ဘယ်လောက် အကျိုးသက်ရောက်မှုရှိပါသလဲ?
မြို့အုပ်ချုပ်ရေး အာဏာပိုင်တွေက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆေးရုံတွေကို  ပိတ်ဖို့ မတောင်းဆိုနိုင်ပါဘူး။ ဒါကြောင့် ဆေးရုံတွေက ဆက်ဖွင့်သွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်မှာပဲ နေဖို့ တောင်းဆိုတဲ့ ညွှန်ကြားချက် အောက်မှာ တောင်မှ ဆေးရုံ၊ ဆေးခန်းတွေကို သွားတဲ့အပေါ် အကန့်အသတ် မရှိ ပါဘူး။ မဖြစ်မနေ သွားနိုင်တဲ့ နေရာအဖြစ် ထည့်သွင်း စဉ်းစားထားပါတယ်။

ဒါပေမဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ ကူးစက်ပြန့်ပွားမှုတွေ အရမ်း များလာမယ့် အချိန်အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေကို အဓိကအားဖြင့် ကုသနိုင်ဖို့ ဆေးရုံတွေ ရွေးချယ်ထားဖို့နဲ့ တခြား ရောဂါနဲ့ လူနာတွေကို  သီးခြား ရွှေ့ပြောင်းကုသဖို့ ဆေးရုံကို ကြိုတင်စီစဉ် ထားရမှာ ဖြစ်ပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆရာဝန်နဲ့ အွန်လိုင်းမှာ တိုင်ပင် ဆွေးနွေးနိုင်ဖို့အတွက် လိုအပ်ချက်တွေကို အလွယ်တကူ လုပ်နိုင်ဖို့ စီစဉ် နေပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းအကြံပေးဆွေးနွေးမှုတွေကို ဆရာဝန်နဲ့ တစ်ဦးချင်း ပထမ တစ်ကြိမ် ကိုယ်တိုင် တွေ့ဆုံပြီးနောက်မှသာ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက အွန်လိုင်း ကနေ ပထမ တစ်ကြိမ် ကတည်းက စပြီး ဆရာဝန်နဲ့ တွေ့ဆုံ ကုသခွင့်ပြု သွားဖို့ ရှိပါတယ်။

သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်မှုအပေါ်မှာရော ဘယ်လို အကျိုး သက်ရောက်မှုရှိသလဲ?
အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ခရိုင်တွေက အုပ်ချုပ်ရေး အာဏာပိုင် တွေဟာ နေ့ပိုင်း သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ရက်တို စောင့်ရှောက်ရေးစင်တာတွေကို ပိတ်ပစ်ဖို့နဲ့ အချိန် လျှော့ချဖို့ တောင်းဆိုနိုင်ပါတယ်။

ပြုစုစောင့်ရှောက်ပေးတဲ့ အဆောက်အအုံတွေ ပိတ်ထားတဲ့အတွက် စောင့်ရှောက်ပေးနေကျသူတွေရဲ့ အိမ်တွေကို ဝန်ထမ်းတွေ စေလွှတ်တာလိုမျိုး တခြားနည်းလမ်းတွေနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ဆက်ပြီး ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ မြို့အုပ်ချုပ်ရေး အာဏာပိုင်တွေက လူနာ အိမ်မှာနေပြီး ပြုစုစောင့်ရှောက်ရေး လုပ်ပေးတဲ့ လုပ်ငန်းတွေနဲ့ အိမ်တွေမှာလိုက်ပြီး ပြုစု စောင့်ရှောက် မှု လုပ်ပေးသူတွေကို လုပ်ငန်းပိတ်သိမ်းဖို့ မတောင်းဆိုနိုင်ပါဘူး။ အဲဒီလို အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ပေးနေသူတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်တဲ့အခါ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်တဲ့ ဆောင်ရွက်ချက်တွေကို အစွမ်းကုန် လုပ်ရမယ်လို့ တောင်းဆိုထား ပါတယ်။

နေ့ကလေးထိန်းဌာနတွေကရော ဘယ်လို လုပ်ရပါမလဲ?
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ ဆောင်ရွက်ချက်တွေ လိုအပ်မယ်ဆိုရင် အုပ်ချုပ်ရေး အာဏာပိုင်တွေဟာ နေ့ကလေးထိန်းစင်တာတွေရဲ့ အသုံးပြုမှုကို ကန့်သတ်နိုင်ပါတယ်။ ဒီ အဆောက်အအုံတွေကို ယာယီ ပိတ်ထား တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အုပ်ချုပ်ရေး အာဏာပိုင်တွေဆီကနေ တောင်းဆိုမှု မရှိဘူးဆိုရင်တောင်မှ သတ်မှတ်ထားတဲ့ မြူနီစပယ် ဧရိယာက တာဝန်ရှိသူက လက်ခံတဲ့ ကလေးအရေအတွက်ကို လျှော့ချဖို့ လိုအပ်သလား ဆိုတာကို စဉ်းစားနိုင်ပါတယ်။ အိမ်မှာပဲ နေရင်း အလုပ်လုပ်နေတဲ့ မိဘ ဒါမှမဟုတ် ခွင့်ယူထားတဲ့ မိဘတွေအနေနဲ့ နေ့ကလေးထိန်းဌာန အသုံးမပြုဘဲ ကလေးကို အိမ်မှာပဲထားဖို့ တောင်းဆိုပါလိမ့်မယ်။

ကလေးတစ်ဦး ဒါမှမဟုတ် ကလေးစောင့်ရှောက်သူက ရောဂါပိုးကူးစက်ခံရတာ ဒါမှမဟုတ် အဲဒီဒေသမှာ ကူးစက်ခံရမှု အရေအတွက် သိသိသာသာ မြင့်တက်လာတယ်ဆိုရင် နေ့ကလေးထိန်းဌာနတွေကို ယာယီပိတ်ထားဖို့ မြို့အုပ်ချုပ်ရေးက ဆုံးဖြတ် နိုင်ပါတယ်။ ဒါပေမဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားတွေနဲ့ လူမှုအဖွဲ့အစည်းပုံမှန်လည်ပတ်ဖို့ မရှိမဖြစ် အလုပ်လုပ်ရတဲ့ တခြားလုပ်သားတွေ၊ မိခင် သို့မဟုတ် ဖခင် တစ်ဦးတည်းက ကလေးကို ကြည့်ရှုစောင့်ရှောက်ပြီး နေ့စဉ်ဝင်‌ငွေအတွက် အလုပ်လုပ်ရမယ့်သူတွေရဲ့ ကလေး တွေကို စောင့်ရှောက်မှုပေးဖို့ တခြားနည်းလမ်းတွေကို လည်း လေ့လာထားရ ပါလိမ့်မယ်။

အလုပ်သမား စံချိန်စံညွှန်း စစ်ဆေးရေးရုံးတွေနဲ့ အလုပ်နေရာ ချထားရေး စင်တာတွေအကြောင်း ဆက်ပြောပါမယ်။

အခြေခံသဘောတရားအရ အလုပ်ခန့်ထားရေးနဲ့ အလုပ်ခန့်အပ်တာနဲ့ ဆက်နွှယ် ပတ်သက်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ ဌာန အဆောက် အအုံတွေဟာ ပုံမှန်အတိုင်း ဆက်ဖွင့်ထားရပါလိမ့်မယ်။

ဒါပေမဲ့ အလုပ်နေရာ ချထားရေး စင်တာတွေဟာ ဒေသ တစ်ခုချင်းစီမှာ ဖြစ်နေတဲ့ ကူးစက်မှုအခြေအနေပေါ်မူတည်ပြီး သူတို့ရဲ့ လုပ်ငန်း လည်ပတ်မှုကို လျှော့ချနိုင်ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေမှာရော ဘာတွေ ဖြစ်နိုင်ပါသလဲ?
ဧပြီလ ၇ ရက်နေ့က ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး (Abe Shinzo) အရေးပေါ်အခြေအနေ မကြေညာခင်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီး အာကာ့ဘာ့ ခါဇုယိုရှိ (Akaba Kazuyoshi) က သတင်းထောက်တွေကို ပြောကြားရာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ရင်တောင်မှ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေက လုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်း ရမယ်လို့ ပြောခဲ့ပါတယ်။

အခု ရေးသားခဲ့တဲ့ သတင်းအချက်အလက်တွေက ဧပြီလ ၈ ရက်နေ့က သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။