အချက်အလက်

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ အမေးအဖြေများ (1)

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်တဲ့ သောတရှင်တွေရဲ့ မေးခွန်းတွေကို NHK ရဲ့ ကျွမ်းကျင်သူတွေက ဖြေကြားပေးပါမယ်။
အခုတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို NHK World Japan ရဲ့ အင်တာနက်စာမျက်နှာ ဒါမှမဟုတ် NHK ရဲ့ ဂျပန်ဘာသာနဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ အတည်ပြုနိုင်ပါတယ်။


1. "ကိုရိုနာဗိုင်းရပ်စ် ဆိုတာ ဘာပါလဲ"
2. "ဗိုင်းရပ်စ်ပိုး ဘယ်လို ကူးစက်ခံရနိုင် ပါသလဲ" နဲ့ "ကူးစက်ခံရမှုကို ဘယ်လို တားဆီးနိုင်ပါသလဲ"
3. "ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ဘယ်လိုမျိုး ဂရုစိုက်သင့်ပါသလဲ"
4. "အဝတ်အစားတွေပေါ်က ပိုးမွှားတွေကို ဘယ်လို သတ်လို့ရနိုင်မလဲ"
5. "ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရချိန်မှာ ဘယ်လို ရောဂါလက္ခဏာမျိုးတွေ တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သလဲ?"
6. "ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဘယ်လို လူမျိုးတွေက ရောဂါလက္ခဏာတွေ ပြင်းထန်လာလေ့ရှိပါသလဲ"
7. "ကလေးသူငယ်တွေ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါသလား"
8. "ကိုရိုနာဗိုင်စ် ကူးစက်မှု တားဆီး ကာကွယ်ဖို့ ဒါမှမဟုတ် ကူးစက်ခံရတဲ့အခါ ကုသဖို့ ထိရောက်တဲ့ ကုထုံး ဂျပန်မှာ တွေ့နေပြီလား" 
10. "ဘယ်လို အခြေအနေမျိုးကို ကူးစက်ပြန့်ပွားမှုတွေ ပြီးဆုံးတဲ့ အခြေအနေလို့ ပြောလို့ ရပါမလဲ" 

11-18 19-35 36-44  
45-55  56-65  66-75 76- 




1. "ကိုရိုနာဗိုင်းရပ်စ် ဆိုတာ ဘာပါလဲ"

အဖြေ- ကိုရိုနာဗိုင်းရပ်စ် ဆိုတာ လူနဲ့ တခြားတိရစ္ဆာန်တွေကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ အကြမ်းအားဖြင့် လူသားတွေအကြားမှာ ကူးစက်ပြန့်ပွားပြီး ချောင်းဆိုးတာ၊ ကိုယ်ပူတာနဲ့ နှာရည်ယိုတာတွေလို သာမန် အဖျားရောဂါနဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ဖြစ်စေပါတယ်။ ၂၀၁၂ခုနှစ်တုန်းက ဆော်ဒီအာရေဗီးယားမှာ ပထမဦးဆုံး အတည်ပြုခဲ့တဲ့ MERS (Middle East Respiratory Syndrome) လို့ခေါ်တဲ့ ရောဂါကို ဖြစ်စေတဲ့ အမျိုးအစားလို တချို့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေဟာ အဆုတ်ရောင်တာနဲ့ တခြား ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

အခု ကမ္ဘာ့ ကပ်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကတော့ အမျိုးအစားအသစ်ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေဟာ ကိုယ်အပူချိန်မြင့်တာ၊ ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူမဝတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။

လူနာတွေရဲ့ ၈၀ရာခိုင်နှုန်းလောက်ဟာ မပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပြီးနောက် နေပြန်ကောင်းခဲ့ပါတယ်။ ၂၀ရာခိုင်နှုန်းနီးပါးဟာ အဆုတ်ရောင်တာ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါ အများအပြား ယိုယွင်းတာမျိုးအထိ  ပြင်းထန်တဲ့ အနေအထားတွေ ဖြစ်ပွားပါတယ်။ အသက် ၆၀ကျော်သူတွေ ဒါမှမဟုတ် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသက်ရှူမှုဆိုင်ရာ ဒါမှမဟုတ် ကင်ဆာ လို ရောဂါ အခံရှိသူတွေမှာ ပြင်းထန်နဲ့ အနေအထားတွေ ဖြစ်ပေါ်တာ ဒါမှမဟုတ် အသက်ဆုံးတာမျိုး ပိုပြီးဖြစ်ပွားပုံရပါတယ်။ ကလေးငယ်တွေ ကူးစက်ခံရမှု အနည်းငယ် သိရှိရပြီး သူတို့ရဲ့ ဝေဒနာလက္ခဏာတွေက အတော်လေး ပေါ့ပါးပါတယ်။



2. "ဗိုင်းရပ်စ်ပိုး ဘယ်လို ကူးစက်ခံရနိုင် ပါသလဲ" နဲ့ "ကူးစက်ခံရမှုကို ဘယ်လို တားဆီးနိုင်ပါသလဲ"

အဖြေ- ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ဟာ ရာသီတုပ်ကွေး ဒါမှမဟုတ် သာမန်အဖျားရောဂါလိုပဲ ရောဂါပိုးပါတဲ့ အရည်အစက်လေးတွေ ဒါမှမဟုတ် ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်ကို ထိတွေ့မှုတွေကနေ ကူးစက်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
ကူးစက်ခံရသူ ချောင်းဆိုး နှာချေတာတွေကနေ ထွက်လာတဲ့ အရည်အစက်တွေကနေ ဒီ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ရောဂါပိုးတွေနဲ့ ညစ်ညမ်းနေတဲ့ တံခါးလက်ကိုင်ဘုတွေ ဒါမှမဟုတ် ကား၊ ရထားတွေရဲ့ မျက်နှာပြင်တွေ၊ လက်ကိုင်၊ လက်ရန်းတွေကို ထိတွေ့မိပြီး အဲဒီ လက်နဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိကိုင်မိတာ မျိုးကနေလည်း ကူးစက်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်တဲ့ စွမ်းရည်က ရာသီတုပ်ကွေးထက် ပိုမြင့်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးဖို့အတွက် အခြေခံ ဆောင်ရွက်ချက် တွေကတော့ ရာသီတုပ်ကွေးတွေအတွက် လုပ်ဆောင်တာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့ လက်ဆေးဖို့နဲ့ နှာချေချောင်းဆိုးချိန်မှာ ကျင့်ဝတ်တွေကို လိုက်နာဖို့တွေပဲ ဖြစ်ပါတယ်။
လက်ဆေးတဲ့အခါမှာ လက်ကောက်ဝတ်အပါအဝင် လက်ချောင်း၊ လက်သည်း၊ လက်ကြိုလက်ကြားအစိတ် အပိုင်း အားလုံးကို ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ပွတ်ပြီးမှ ရေနဲ့ ဆေးချရပါမယ်။ ဒါမှမဟုတ် အရက်ပြန်ပါဝင်တဲ့ လက်ဆေးအရည် ဒါမှမဟုတ် ဂျယ် ကို အသုံးပြုနိုင်ပါတယ်။

နှာချေ ချောင်းဆိုးတဲ့ ကျင့်ဝတ်ကို လိုက်နာတာဟာလည်း ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အရေးပါတဲ့အချက် ဖြစ်ပါတယ်။
ရောဂါပိုးပါတဲ့ အရည်အစက်တွေ တခြားသူတွေဆီ လွင့်စင်မှာကို တားဆီးဖို့အတွက် နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူးစက္ကူ ဒါမှမဟုတ် အင်္ကျီလက်တွေနဲ့ အုပ်ထားရပါမယ်။ ညစ်ပေနေတဲ့ တစ်ရှူးစက္ကူ တွေကို စနစ်တကျ အမှိုက်ပုံးထဲကို လွှင့်ပစ်ပါ။

ထိရောက်တဲ့ တခြား လုပ်ဆောင်ချက်တွေကတော့ လူစုလူဝေး ရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာနဲ့ အိမ်မှာနေတဲ့အချိန်မှာ အခန်းတွင်း လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို မကြာခဏ ဖွင့်ပေးတာတွေပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ရထားကုမ္ပဏီတစ်ခုက ခရီးသည်တင်တွဲရဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပါတယ်။ဘူတာတွေမှာ ရထားရပ်တဲ့ အခါ ခရီးသည် အတက်အဆင်းအတွက် တံခါးတွေကို ဖွင့်ရတာ ကြောင့် လေဝင်လေထွက် အတန်အသင့် ကောင်းပြီးသားဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။




3. "ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ဘယ်လိုမျိုး ဂရုစိုက်သင့်ပါသလဲ"

အဖြေ-ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုဖြစ်ပြီး နောက်ပိုင်းမှာ ဂျပန် သားဖွားနဲ့ မီးယပ်ရောဂါကု ပညာရပ် ကူးစက်ရောဂါ ဆိုင်ရာ အဖွဲ့အစည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သားသမီးမွေးချင်တဲ့အမျိုးသမီးတွေအတွက် အကြံပြုချက်တွေ ပါဝင်တဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေဖြစ်နိုင်ခြေ ပိုများတယ် ဒါမှမဟုတ် ဒီဗိုင်းရပ်စ်က သန္ဓေသားကလေးမှာ ပြဿနာတွေ ဖြစ်စေတယ်လိုမျိုး သတင်းတွေ အခုအချိန်အထိတော့ မရှိသေးဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ မူအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ရင် ပြင်းပြင်းထန်ထန် ဖျားနာမှု တွေ ဖြစ်လာနိုင်တယ်လို့ အဲဒီအဖွဲ့က သတိပေးနေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အထူးသဖြင့် အပြင်သွားပြီးနောက်နဲ့ ထမင်းမစားခင်မှာ လက်တွေကို ဆပ်ပြာနဲ့ သေသေချာချာ ပွတ်တိုက်ပြီး ရေနဲ့ ဆေးချဖို့၊ အရက်ပြန်ပါဝင်တဲ့ ရောဂါပိုးသတ်ဆေးတွေကို အသုံးပြုဖို့ စတဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ အဲဒီအဖွဲ့က အကြံပြုထားပါတယ်။
တခြားကြိုတင်ကာကွယ်မှုတွေအဖြစ် ဖျားနေတဲ့သူ၊ ချောင်းဆိုးတဲ့သူတွေနဲ့ တွေ့ဆုံတာတွေကို ရှောင်ကြဉ်ဖို့၊ ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ဖို့နဲ့ မိမိရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို လက်တွေနဲ့ ထိတွေ့ကိုင်တွယ်တာတွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
အဲဒီညွှန်ကြားချက်တွေကို ရေးဆွဲခဲ့တဲ့ နီဟွန်း တက္ကသိုလ် ဆေးပညာရပ်ဌာနက ပါမောက္ခ စာတိုးရှိ ဟာယာခါဝါ (Satoshi Hayakawa) က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ခံစားနေရမယ်ဆိုတာ သူ နားလည်တယ်လို့ ပြောပါတယ်။ ကူးစက်ရောဂါပိုးပြန့်ပွားနေတဲ့ကာလအတွင်းမှာ သတင်းအမှားအမျိုးမျိုးက အတားအဆီးမရှိ ပျံ့နှံ့နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်အပေါ်မှာ အခြေခံပြီး လိုက်နာ ဆောင်ရွက်ကြဖို့ ပါမောက္ခ ဟာယာခါဝါက အကြံပြုတိုက်တွန်းခဲ့ပါတယ်။



4. "အဝတ်အစားတွေပေါ်က ပိုးမွှားတွေကို ဘယ်လို သတ်လို့ရနိုင်မလဲ"

အဖြေ-ဂျပန်ရောဂါပိုးကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းက မီးစ် အဲရိစာ့ စူဂါဝါရာ့ (Erisa Sugawara) က အဝတ်အစားတွေအပေါ် အရက်ပြန်ပါတဲ့ ရောဂါ ပိုးသတ်ဆေးတွေ သုံးဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။ 
အဝတ်အစားတွေကို ပုံမှန် လျှော်နေကျအတိုင်း လျှော်လိုက်ရုံနဲ့ ဗိုင်းရပ်စ်ပိုးအများစုကို ဖယ်ရှားနိုင်ပေမယ့် ဒီ ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ်ကတော့ ဒီလို လျှော်ရုံနဲ့ ရ မရ မသေချာသေးဘူးလို့ သူက ရှင်းပြပါတယ်။
ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် နှာချေတဲ့အခါမှာ ပါးစပ်ကို အုပ်ဖို့ အသုံးပြုခဲ့တဲ့ လက်ကိုင်ပုဝါလိုမျိုး အထူးသဖြင့် ဗိုင်းရပ်စ်ပိုး အန္တရာယ်ရှိတယ်လို့ ထင်ရတဲ့ အဝတ်တွေနဲ့ ပတ်သက်ပြီး မီးစ် စူဂါဝါရာဟာ အဝတ်တွေကို ၁၅ မိနစ် ကနေ မိနစ်၂၀ အထိ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမှာ စိမ်ထားဖို့ အကြံပြုထား ပါတယ်။



5. "ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရချိန်မှာ ဘယ်လို ရောဂါလက္ခဏာမျိုးတွေ တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သလဲ?"

အဖြေ-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကျွမ်းကျင်ပညာရှင်များအဖွဲ့တစ်ဖွဲ့က ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သုတေသနစာတမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရသူလို့ အတည်ပြုထားတဲ့ လူနာ ၅၅၉၂၄ ဦးရဲ့ လက္ခဏာတွေကို အဲဒီအဖွဲ့က အသေးစိတ် လေ့လာပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီသုတေသနစာတမ်းမှာ အဖျားရှိတာက လူနာအားလုံးရဲ့ ၈၇.၉ ရာခိုင်နှုန်း၊ ချောင်းဆိုးတာက လူနာအားလုံးရဲ့ ၆၇.၇ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်နေတဲ့ လူနာက လူနာအားလုံးရဲ့  ၃၈.၁ ရာခိုင်နှုန်းနဲ့ ချွဲသလိပ်ထွက်တာက လူနာအားလုံးရဲ့ ၃၃.၄ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားတာပါတယ်။ တခြား လက္ခဏာတွေ ကတော့ အသက်ရှူရ ခက်ခဲတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်ပါတယ်။
ရောဂါကူးစက်ခံထားရတဲ့လူနာတွေဟာ ပျမ်းမျှ ၅ ရက်ကနေ ၆ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပြင်းထန်လာပါတယ်။
ကူးစက်ခံရသူ တွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ဟာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြပါဘူး။ တချို့ကူးစက်ခံရသူတွေဆိုရင် အဆုတ်ရောင်ရောဂါ မဖြစ်တာကို တွေ့ရပါတယ်။ ကူးစက်ခံရတဲ့သူအားလုံးရဲ့ ၁၃.၈ ရာခိုင်နှုန်းပဲ ပြင်းပြင်းထန်ထန်ဖျားနာတာနဲ့ အသက်ရှူရ ခက်ခဲတာမျိုး ဖြစ်လာတာကို တွေ့ရပါတယ်။
အသက် ၆၀ တန်းအရွယ်နဲ့ အသက် ၆၀ အထက်ရှိပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ နာတာရှည်ရောဂါ ရှိသူတွေအပြင် ကင်ဆာ ရောဂါရှိသူတွေဟာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ဖြစ်လာတာ ဒါမှမဟုတ် သေဆုံးနိုင် ခြေရှိတာကို တွေ့ရပါတယ်။
ကူးစက်ခံရတာ ဒါမှမဟုတ် ကူးစက်ခံရပြီး ရောဂါပြင်းထန်တဲ့ ကလေးအနည်းငယ်ရှိတယ်ဆိုတဲ့ သတင်း အချက်အလက်တချို့လည်း ရှိပါတယ်။ အသက် ၁၈ နှစ်နဲ့ အောက် ငယ်ရွယ်တဲ့ သူတွေ ရောဂါကူးစက်ခံရတာဟာ စုစုပေါင်း အရေအတွက်ရဲ့ ၂.၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာ အစိုးရစင်တာက ဒေါက်တာ စာတိုးရှိ ခူဆုနာ့ (Satoshi Kutsuna) ဟာ ဂျပန်နိုင်ငံမှာ ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး စမ်းသပ် အတည်ပြု ထားတဲ့ လူနာတွေကို ကုသမှု ပေးခဲ့ပါတယ်။ ဒေါက်တာ ခူဆုနာ့က ကုသပေးတဲ့ လူနာတွေထဲမှာ နှာရည်ယိုတာ၊ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ သူတို့အားလုံးဟာ ရောဂါကူးစက်ခံရပြီး သီတင်းတစ်ပတ်လောက်အကြာမှာ ကိုယ်လက် ကိုက်ခဲပြီး ကိုယ်အပူချိန် ၃၇ ဒီဂရီ ဒါမှမဟုတ် ၃၇ ဒီဂရီ နဲ့ အထက် ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
တချို့လူနာတွေကတော့ သီတင်းတစ်ပတ် ကြာပြီး နောက်ပိုင်းမှသာ ကိုယ် အပူချိန် တက်လာခဲ့တယ်လို့ မစ္စတာ ခူဆုနာ့က ပြောပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေဟာ ရာသီတုပ်ကွေး ဒါမှမဟုတ် တခြား ကူးစက်ရောဂါ လက္ခဏာတွေထက် ကြာတတ်တယ်လို့ သူက ပြောပါတယ်။
အခု ရေးသားခဲ့တဲ့ သတင်းအချက်အလက်တွေက မတ်လ ၁၉ ရက်နေ့က သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။



6. "ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဘယ်လို လူမျိုးတွေက ရောဂါလက္ခဏာတွေ ပြင်းထန်လာလေ့ရှိပါသလဲ"

အဖြေ-ဒီဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ သူတော်တော်များများဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါရှိသူတွေ အပါအဝင် ကိုယ်ခံအားကျဆင်းနေတဲ့ သူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ပြောပါတယ်။
သေချာတာကတော့ ကိုယ်ခံအားနည်းတဲ့သူတွေဟာ ဒီ ကိုရိုနာ ဗိုင်းရပ်စ်အမျိုးအစားသစ်ကို ကာကွယ်ဖို့ တစ်ခုတည်းမဟုတ်ဘဲ ရာသီတုပ်ကွေးရောဂါအပြင် တခြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက် ရောဂါတွေကိုလည်း အထူးကာကွယ်ရမှာ ဖြစ်ပါတယ်။ အထူး ဂရုစိုက်ရမယ့်သူတွေထဲမှာတော့ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ခံစားနေတဲ့သူတွေ၊ ကိုယ်ခံအား လျော့ကျစေတဲ့ ဆေးဝါးတွေကို သုံးစွဲနေရတဲ့ အဆစ်အမြစ် နာကျင် ကိုက်ခဲတဲ့ရောဂါရှိသူတွေနဲ့ အသက်အရွယ်ကြီးသူတွေ ပါဝင်ပါတယ်။
နာတာရှည်ဆေးကုသခံနေရတဲ့ သူတွေနဲ့ ဒီ ဗိုင်းရပ်စ် ရောဂါလက္ခဏာ ဘယ်လို ဆက်စပ်နေသလဲဆိုတာကိုတော့ မသိသေးဘူးလို့ သုတေသီတွေက ပြောပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ဒီ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မြင့်မားတယ်လို့ ပြောနိုင်မယ့် အချက်အလက် လုံးဝ မရှိသေးပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်တွေဟာ ဒီဗိုင်းရပ်စ် လွယ်ကူစွာ ကူးစက်နိုင်ပြီး သူတို့တွေ အဆုတ်ရောင်ရောဂါ ဖြစ်ခဲ့မယ်ဆိုရင် ရောဂါလက္ခဏာ ပြင်းထန်လာလေ့ ရှိကြပါတယ်။
နို့စို့အရွယ်ကလေးတွေမှာ ဒီကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရင် ဘယ်လို လက္ခဏာမျိုးတွေ တွေ့ရမယ်ဆိုတာ သိနိုင်တဲ့ အချက်အလက်မျိုးလည်း မရှိသေးပါဘူး။ ကလေးတွေက လက်ဆေးတာ၊ လူစုလူဝေး တွေကို ရှောင်ကြဉ်တာလိုမျိုး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေကို သူတို့ကိုယ်တိုင် မလုပ်နိုင်ကြတဲ့အတွက် သူတို့ကို စောင့်ရှောက်ကြတဲ့ မိဘလိုမျိုး လူတွေက ကလေးတွေကို ကာကွယ်ဖို့ သူတို့ လုပ်နိုင်တာ လုပ်ဖို့ သတိပေး တိုက်တွန်းချင်ပါတယ်။



7. "ကလေးသူငယ်တွေ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါသလား"

အဖြေ- ကလေးသူငယ်တွေ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာ ပြင်းထန်လာတယ် ဆိုတာမျိုး တရုတ်နိုင်ငံက သတင်းတွေမှာ မရှိပါဘူး။ တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန က ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာမှုတစ်ခုအရ ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိ တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၄၄၆၇၂ ရှိပြီး အသက် ၉နှစ် ဒါမှမဟုတ် ၉နှစ်ထက်ငယ်တဲ့ ကလေးတွေမှာ ရောဂါပိုး ကူးစက်ခံရလည်း သေဆုံးတာမျိုး မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။ ဆယ်ကျော်သက်အရွယ် လူနာတွေထဲမှာ တစ်ဦးသာ သေဆုံးခဲ့တယ်လို့ သိခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၆ရက်နေ့ အထိ တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိတယ်လို့ စမ်းသပ်တွေ့ရှိခဲ့တဲ့ အသက် ၁လ ကနေ ၁၁လ အတွင်းရှိခဲ့တဲ့ မွေးကင်းစကလေး ၉ဦးရှိတယ်လို့ ဝူဟန် တက္ကသိုလ်နဲ့ တခြား အဖွဲ့အစည်းများရဲ့ သုတေသန ပညာရှင်များ အဖွဲ့က သတင်းပေးပို့ခဲ့ပါတယ်။ ကလေးအားလုံး ပြင်းပြင်းထန်ထန် ဖျားနာလာတာမျိုး တစ်ဦးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အအိချိ ဆေးပညာ တက္ကသိုလ်က ပါမောက္ခ ဆုနဲအို မိုရိရှီမ (Tsuneo Morishima) ဟာ ကလေးသူငယ်ဆိုင်ရာ ကူးစက်ရောဂါ အထူးကု ဆရာဝန် တစ်ဦးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်အသစ်ဟာ ရှိပြီးသား ကိုရိုနာဗိုင်းရပ်တွေနဲ့ တချို့နေရာတွေမှာ အလားတူပါတယ်။ ဒါ့ကြောင့် သာမန်အအေးမိ ဖျားနာတာမျိုး မကြာခဏဖြစ်တတ်တဲ့ ကလေးတွေမှာ ကိုယ်ခံစွမ်းအား ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ မစ္စတာ မိုရိရှီမ က ဆိုပါတယ်။

ဒါပေမဲ့လည်း ကျောင်းနဲ့မူကြိုတွေမှာ ရောဂါပိုး အလျင်အမြန် ပျံ့နှံ့ကူးစက်နိုင်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ပါမောက္ခ က ဆိုပါတယ်။ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို လက်အသေအချာ ဆေးခိုင်းတာနဲ့ သူတို့ကို ထားတဲ့အခန်းတွေကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးရမယ်လို့ သူက ဆိုပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ မတ်လ ၂၄ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။



8. "ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီး ကာကွယ်ဖို့ ဒါမှမဟုတ် ကူးစက်ခံရတဲ့အခါ ကုသဖို့ ထိရောက်တဲ့ ကုထုံး ဂျပန်မှာ တွေ့နေပြီလား" 

အဖြေ - စိတ်မကောင်းစရာ အဖြေတော့ ဖြစ်နေပါတယ်။ တုပ်ကွေးရောဂါ ကုသရေး အတွက်သုံးတဲ့ Tamiflu နဲ့ Xofluza စတဲ့ ဆေးတွေလို ထိရောက်တယ်လို့ ထင်ထင်ရှားရှား အတည်ပြုနိုင်တဲ့ဆေးမျိုး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးသစ် အတွက် မရှိသေးပါဘူး။ တခြားနိုင်ငံနဲ့  ဒေသတွေလိုပဲ ဂျပန်က ဆရာဝန်တွေဟာ လူနာတွေကို အောက်ဆီဂျင်ပေးတဲ့ ကုထုံး၊ ရေဓာတ် ခန်းခြောက်မှုအတွက် အကြောဆေးသွင်းတဲ့ ကုထုံးတွေနဲ့ ရောဂါ လက္ခဏာတွေကို အာရုံစိုက် ကုသနေကြပါတယ်။ ဂျပန်နဲ့ ကမ္ဘာတစ်လွှားက ဆရာဝန်တွေက ဒီဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ထိရောက်တဲ့ ဆေးဝါး မထုတ်ရသေးဘူးဆိုပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကို ကုသရာမှာ ထိရောက်မှုရှိနိုင်တဲ့ တခြား ရောဂါတွေကို ကုသရာမှာ သုံးတဲ့ ရှိပြီးသား ဆေးတွေကို အသုံးပြု ကုသနေကြပါတယ်။

အဲဒီလို ဆေးတွေထဲက တစ်မျိုးကတော့ လွန်ခဲ့တဲ့ ၆နှစ်တုန်းက ဂျပန်ဆေးကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့တဲ့ Avigan လို့ အမည်ရတဲ့ တုပ်ကွေးဆေး ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေက ဒီဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာတွေကို ကုသရာမှာ ထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံပိုင်ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးစင်တာ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတစ်ဦးကို AIDS ရောဂါ အစပိုင်းမှာ မဖြစ်အောင် ရောဂါ ထိန်းချုပ်ဖို့ သုံးတဲ့ ဗိုင်းရပ်စ်ကို သတ်တဲ့ ဆေးတစ်မျိုးနဲ့ ကုသခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူနာရဲ့ ကိုယ်အပူချိန် ကျခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ အသက်ရှူခက်ခဲတာတွေ တိုးတက် ကောင်းမွန်လာခဲ့တယ်လို့ အဲဒီဌာနရဲ့ အရာရှိတွေက ပြောပါတယ်။

အခုအချိန် နိုင်ငံအမျိုးမျိုးမှာ ထိရောက်တဲ့ ကုထုံးရှာဖွေမှုတွေ လုပ်ဆောင်နေကြပါတယ်။ အမေရိကန်ရဲ့ ရောဂါထိန်းသိမ်းမှုနဲ့ ကာကွယ်ရေးစင်တာများ (US Centers for Disease Control and Prevention) က သုတေသီအဖွဲ့ တစ်ဖွဲ့က အီဘိုလာ ရောဂါကုသရာမှာ သုံးဖို့ ထုတ်လုပ်ထားတဲ့ ပိုးသတ်ဆေးတစ်မျိုးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အဆုတ်ရောင်နေသူ အမျိုးသားတစ်ဦးကို ကုသခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆေးကိုပေးပြီး နောက်တစ်နေ့မှာ အဲဒီအမျိုးသားရဲ့ ရောဂါလက္ခဏာတွေ စတင် ကောင်းမွန်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒီလူနာဟာ အောက်ဆီဂျင်ပေးတာတွေကို ဖြုတ်လိုက်ရပြီး သူ့ရဲ့ အဖျားလည်း ကျလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ကတော့ တုပ်ကွေးဆေးနဲ့ AIDS ရောဂါ ကုသတဲ့ ဆေးတွေ ပေါင်းစပ်ကုသရာက လူနာတစ်ဦးရဲ့ အနေအထားတွေကို တိုးတက်ကောင်းမွန်လာခဲ့ပြီး သူဟာ နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကုထုံးတွေ အားလုံးမှာ အဲဒီဆေးဝါးတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတွေကို သုံးသပ်ဆုံးဖြတ်ဖို့ နောက်ထပ် လက်တွေ့ စမ်းသပ်မှုတွေ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ မတ်လ ၂၅ရက်နေ့အထိ သိရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်



9. "အာဖရိကလို ပူပြင်းတဲ့ ရာသီဥတုမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်သလား"

အဖြေ- ဂျပန်နိုင်ငံလို ရာသီ ၄ မျိုးရှိတဲ့ ဒေသတွေမှာ သာမန်တုပ်ကွေးရောဂါဖြစ်တဲ့ လူနာအရေ အတွက်ဟာ ဆောင်းရာသီမှာ တိုးလာပါတယ်။ နွေရာသီမှာ ကူးစက်မှုတွေ ရပ်သွားမယ် ဒါမှမဟုတ် ပူပြင်းတဲ့ဒေသတွေမှာ ဒီကူးစက်မှု အကြီးအကျယ် မဖြစ်ပွားနိုင်ဘူးလို့ တချို့လူတွေက ထင်နေကြပါတယ်။

ဒါပေမဲ့ တိုးဟိုကု က ဆေးကုသမှုနဲ့ ဆေးဝါးဆိုင်ရာ တက္ကသိုလ်မှာ အလုပ်လုပ်တဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ မစ်ဆုအိုး ခါ့ခု (Mitsuo Kaku) က အရှေ့တောင်အာရှနိုင်ငံတွေလို အပူချိန်မြင့်မားတဲ့ နိုင်ငံတွေမှာ တစ်နှစ်လုံး တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။

သူက ရာသီဥတု၊ အပူချိန်နဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်အကြား မှာ ဆက်နွှယ်မှု ဘယ်လို ရှိသလဲဆိုတာ မသိနိုင်သေးဘူးလို့ ပြောပါတယ်။ ဆက်လက် သုတေသနပြု လေ့လာဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

WHO ရဲ့ အမှုဆောင် ဒါရိုက်တာလည်းဖြစ် အရေးပေါ် အခြေအနေဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်တဲ့ မိုက်ကယ် ရိုင်ယန် (Michael Ryan) ကတော့ ရာသီဥတု အခြေအနေအမျိုးမျိုး ကွဲပြားချိန်မှာ ကိုရိုနာဗိုင်းရပ်စ်က ဘယ်လို လှုပ်ရှားမှုတွေလုပ်သလဲဆိုတာနဲ့ သူ့ရဲ့ အမူအကျင့်တွေကို မသိရ သေးဘူးလို့ မတ်လ ၆ ရက်နေ့က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ COVID-19 ဟာ နွေရာသီမှာ ပျောက်ကွယ်သွားမယ်ဆိုတာ "မှားယွင်းတဲ့ မျှော်လင့်ချက်" တစ်ခုပဲလို့လည်း သူက ပြောပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ မတ်လ ၂၆ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။



10. "ဘယ်လို အခြေအနေမျိုးကို ကူးစက်ပြန့်ပွားမှုတွေ ပြီးဆုံးတဲ့ အခြေအနေလို့ ပြောလို့ ရပါမလဲ" 

အဖြေ- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာ အရင်က ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို ဦးဆောင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ကျွမ်းကျင် ပညာရှင်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂျပန်ဒေသန္တရ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်သူ မစ္စတာ ရှီဂဲရု အိုးမိ (Shigeru Omi) ကဖြေကြားပေးတာဖြစ်ပါတယ်။ ရောဂါ ကူးစက်မှု ကွင်းဆက်တွေ ပြတ်သွားပြီး ကူးစက်ခံရသူ တစ်ယောက်မှ မရှိတော့ရင် ကူးစက်မှုအဆုံးသတ်တယ်လို့ ပြောလို့ရပါတယ်။ WHO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ အချိန်အတိုင်း အတာ တစ်ခု ရှိလာတဲ့အခါမှာ အသစ်ကူးစက်ခံရတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလို့ အတည်ပြုနိုင်ခဲ့ရင် ကျန်းမာရေး အာဏာပိုင်တွေက ဒီရောဂါကူးစက်မှု အဆုံးသတ်ကြောင်း ကြေညာနိုင်လာပါလိမ့်မယ်။

ဥပမာ- ၂၀၀၃ ခုနှစ်တုန်းက တရုတ်နဲ့ အခြားအာရှနိုင်ငံတွေမှာ SARS  ရောဂါ အကြီးအကျယ်ကူးစက်ပြန့်ပွားမှု ဖြစ်ခဲ့တယ်။ WHO က ပထမဆုံးလူနာတစ်ယောက် တွေ့ရှိအတည်ပြုပြီးနောက် ၈ လကျော် အကြာမှာ အဲဒီလို ကူးစက်မှု အဆုံးသတ်ကြောင်း ကြေညာခဲ့ပါတယ်။

တခြားတစ်ဖက်ကကြည့်မယ်ဆိုရင် ကူးစက်ပြန့်ပွားမှုတွေဟာ လူတွေကို အပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခြင်းအားဖြင့် ဒေသတစ်ခုခု သို့မဟုတ် နိုင်ငံတစ်ခုခုမှာ ကာလအတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်မှုတွေရှိ လာပါလိမ့်မယ်။

ဒါပေမဲ့ ကူးစက်မှုဆိုတာ အဲဒီဒေသရဲ့ အပြင်ကနေ ဝင်လာတဲ့ တခြားဗိုင်းရပ်စ်ကြောင့် နောက်တစ်ကြိမ် ကူးစက်ပြန့်ပွားမှု ထပ်ဖြစ်လာနိုင်တယ်။ ဥပမာ နှစ်စဉ် ဆောင်းရာသီမှာဆိုရင် ရာသီတုပ်ကွေး ကူးစက်ပြန့်ပွားမှု ဖြစ်လေ့ရှိတယ်။ ဆောင်းရာသီကုန်ရင် ကူးစက်မှု ယာယီလျော့နည်းသွားနိုင်ပေမယ့် ဗိုင်းရပ်စ် ကူးစက်မှု အဆုံးသတ်တာမျိုးတော့ မဟုတ်ပါဘူး။

ကာကွယ်ဆေးနဲ့ ကုသဆေးတွေဟာ ကူးစက်ပြန့်ပွားမှု ပြင်းထန်မလာစေဖို့ ထိန်းချုပ်ရာမှာ ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေနဲ့ ကုသဆေးတွေ ရရှိနိုင်တာနဲ့ ဘယ်တော့ ရောဂါကူးစက်မှု အဆုံးသတ်မှာလဲဆိုတဲ့ အချက် ၂ ချက်ဟာ သပ်သပ်စီ လို့ မစ္စတာ အိုမိက ပြောပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ ရောဂါကူးစက်မှု လုံးဝ အဆုံးသတ် သွားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ ကို ကြိုးပမ်းပြီး ဆက်လုပ်ဖို့ လိုသေးတယ်လို့ မစ္စတာ အိုမိက ပြောပါတယ်။ အခုတင်ပြခဲ့တာတွေကတော့ မတ်လ ၂၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။