လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

 မွှားကောင်နဲ့မှက်ကိုက်လို့ဖြစ်တဲ့ရောဂါများ

(၁) မွှားကောင်နဲ့မှက်တွေ ဘယ်လိုပေါက်ပွားရှင်သန်သလဲ?

နေ့စဉ်လူနေမှုဘဝမှာ ဘေးကင်းစိတ်ချစွာနေထိုင်နိုင်ဖို့အတွက် မေးခွန်းတွေကို NHK က ဖြေကြားပေးနေပါတယ်။
တောတောင်တွေ၊ မြက်ခင်းခြုံပုတ်တွေမှာ ရှင်သန်နေထိုင်ကြတဲ့ မွှားကောင်တွေ၊ မှက်တွေ ကိုက်လို့ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် ရောဂါဖြစ်ပြီး လတ်တလောနှစ်တွေမှာ ကူးစက်မှု များလာနေ ပါတယ်။ မွှားနဲ့မှက်ကိုက်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါမှာ အဖျားတက်တာ ဒါမှမဟုတ် ဝမ်းလျှောတာတွေ ဖြစ်ပြီး ရောဂါလက္ခဏာ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံး တဲ့အထိဖြစ်နိုင်ပါတယ်။
မွှားနဲ့မှက်ကောင်တွေကို ဘယ်လို သတိထားသင့်သလဲဆိုတာနဲ့ ကာကွယ်ပုံ တွေ ကို ပြောပြပါမယ်။
ပထမဆုံး မွှားနဲ့မှက်တွေရဲ့ ပေါက်ပွားရှင်သန်ပုံကို လေ့လာကြည့်ရအောင်။

မွှားနဲ့မှက်တွေဟာ နွေဦးရာသီကနေ ဆောင်းဦးရာသီအတွင်းမှာ လှုပ်ရှားမှုများပါတယ်။ ဒီရာသီတွေမှာ တောင်ပေါ်မှာ အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကို ခူးဆွတ်ကြတာ ဒါမှမဟုတ် တောင်တက်ခရီးသွားကြတဲ့လူတွေများတာကြောင့် မွှားနဲ့မှက် အကိုက်ခံရသူ များပြီး အန္တရာယ် ကြီးပါတယ်။ မွှားနဲ့မှက်တွေကိုသုတေသနလုပ်နေတဲ့ အထူးကျွမ်းကျင်သူတစ်ဦးက အဲဒီအကောင်တွေဟာ ပုံမှန်အားဖြင့် သစ်ရွက်အောက်ဘက်မှာ ပုန်းအောင်းနေတတ်ပြီး လူ၊တိရစ္ဆာန်တွေ သစ်ရွက်ဘေးက ဖြတ်သွားမှာကို စောင့်ပြီး ကိုက်တတ်ကြတယ်လို့ ဆိုပါတယ်။

မွှားနဲ့မှက်တွေဟာ တောတောင်ထဲမှာတော့ တောဝက်တွေ၊ သမင်တွေလို တောရိုင်းတိရစ္ဆာန်တွေမှာ ကပ်နေပြီး ကိုက်ပြီးသွေးစုပ်တတ်တယ်လို့ အရင်တုန်းက သိထားခဲ့ကြပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာ မွှားနဲ့မှက်တွေက အိမ်မွေးတိရစ္ဆာန် ခွေးတွေ၊ ကြောင်တွေကို ကိုက်တဲ့အပြင် လူတွေကိုပါ ကပ်ပြီး သွေးစုပ်တဲ့အထိ ဖြစ်လာတာ တွေ့ရပါတယ်။ အရင်ကထက်ပိုပြီး တောရိုင်းတိရစ္ဆာန်တွေကို လူတွေက မွေးမြူတာကြောင့် မွှားနဲ့မှက်တွေရဲ့ ကျက်စားရာနေရာ က လူတွေနေတဲ့ ဧရိယာတွေအထိ ပိုပြီးကျယ်ပြန့်လာနေတယ်လို့ သတိပေးထား ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၂) မွှားနဲ့မှက်အကိုက်ခံရရင် ဘာလုပ်မလဲ?

နေ့စဉ်လူမှုဘဝအတွက် ဘေးကင်းစိတ်ချစွာနေထိုင်နိုင်ဖို့ မေးခွန်းတွေကို NHK က ဖြေကြားပေးနေပါတယ်။  ဒုတိယအပိုင်းအနေနဲ့ မွှားတွေမှက်တွေအကိုက်ခံရရင် ဘာလုပ်မလဲဆိုတာ လေ့လာကြည့်ကြ ရအောင်။

မွှားနဲ့မှက်တွေဟာ လူ ဒါမှမဟုတ် တခြားသတ္တဝါတွေရဲ့ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး နာရီနဲ့ချီ ကြာမြင့်အောင် သွေးစုပ်ပါတယ်။  သူတို့သွေးစုပ်ဖို့ ကိုက်တာကိုခံရတဲ့သူတွေဟာ မသိကြတာပဲများတယ်လို့ ဆိုကြပါတယ်။

မွှား သို့မဟုတ် မှက်အကိုက်ခံရတယ်ဆိုတာကို သိတဲ့အခါ အကောင်ကို အတင်းဖယ်ရှားဖို့မလုပ်ပါနဲ့။ ကိုက်ပြီး သွေးစုပ်နေတာကို အတင်းဆွဲနှုတ်လို့ မွှားနဲ့ မှက်ရဲ့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းဟာ အရေပြားထဲမှာ ကျန်နေခဲ့ရင် ပြည်တည်နာမျိုး ဖြစ်တတ်ပါတယ်။

မွှားနဲ့ မှက် အကိုက်ခံရရင် ချက်ချင်း အရေပြားဆရာဝန် ဒါမှမဟုတ် ဆေးရုံကို အမြန်ဆုံးသွားပြီး အကောင်ကိုမှန်ကန်တဲ့နည်းလမ်းနဲ့ ဖယ်ရှားပြီးရင် အကိုက်ခံရတဲ့ဒဏ်ရာကို ပိုးသတ်တာစတဲ့ လိုအပ်တဲ့ကုသမှု ခံယူတာ လုပ်ဖို့လိုပါတယ်။

ကုသမှုခံယူပြီးတဲ့အခါ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေ အပြောင်း အလဲတွေ ဘာဖြစ်သလဲဆိုတာကို သီတင်းပတ်အနည်းငယ် စောင့်ကြည့်သင့်ပါတယ်။ အဖျားတက်တာ အပါအဝင် လက္ခဏာအပြောင်းအလဲ တစ်ခုခုဖြစ်လာရင် ဆေးရုံမှာ ဆေးစစ်ပါ။

ဒီသတင်းအချက်အလက်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်က ရရှိထားတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။

(၃) သွေးခဲရာမှာလိုအပ်တဲ့သွေးကလာပ်စည်းနည်းခြင်းနဲ့ အပြင်းဖျား ရောဂါလက္ခဏာစု (SFTS)

NHK က နေ့စဉ်လူနေမှုဘဝမှာ ဘေးကင်းလုံခြုံမှုရှိအောင် မေးခွန်းတွေကို ဖြေကြားပေးနေပါတယ်။ သစ်တောအုပ် နဲ့ လယ်ကွင်းတွေမှာ နေထိုင်တဲ့ မွှားကောင်နဲ့ မှက်တွေကြောင့် ဖျားတာ ဒါမှဟုတ် ဝမ်းလျှောတာမျိုး ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပြီး၊ ပြင်းပြင်းထန်ထန် ခံစားရရင် အသက် ဆုံးရှုံးနိုင်ပါတယ်။ တတိယပိုင်းမှာတော့ မွှားကောင်နဲ့ မှက်တွေကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေကို လေ့လာကြည့်ကြရအောင်ပါ။

မွှားကောင်နဲ့ မှက်တွေ ကိုက်တာကြောင့် ကူးစက်ရောဂါအမျိုးမျိုးဖြစ်တဲ့ အထဲက SFTS ခေါ်တဲ့ သွေးခဲရာမှာလိုအပ်တဲ့သွေးကလာပ်စည်းနည်းသွား ပြီးအပြင်းဖျားတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ရင် အဓိက စိုးရိမ်ရပါတယ်။ လူနာတွေဟာ ဖျားတာ၊ ချောင်းဆိုးတာ၊ အော့အန်တာနဲ့ ဝမ်းလျှောတာစတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။ အခြေအနေသိပ်ဆိုးတဲ့လူနာတွေမှာ သွေးမတိတ်တာ ဖြစ်လာနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ရောဂါအတွက် ထိရောက်တဲ့ ကုသနည်းမရှိသေးဘဲ သေဆုံးမှုနှုန်းက ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်မှာ SFTS ရောဂါလက္ခဏာရှိသူ လူနာပေါင်း ၁၃၃ ဦး ရှိခဲ့တယ်လို့ အစီရင်ခံတာ ရရှိခဲ့ပြီး ၁၁ နှစ်တာကာလအတွင်းမှာ ဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့ National Institute of Infectious Diseases  (NIID) က ဆိုပါတယ်။ SFTS ဟာ မွှားကောင်နဲ့မှက်ကိုက်ခံရတာကတစ်ဆင့် ကူးစက်တဲ့ ရောဂါ ဖြစ်ပေမယ့်လည်း မွှားကောင်နဲ့ မှက်က အမွှေးမှာကပ်နေတဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင်လည်း အဲဒီအကောင်ကနေ တစ်ဆင့် ကူးစက်တာမျိုး လည်းရှိပါတယ်။ ဒါတင်မကသေးပါဘူး ပြီးခဲ့တဲ့နှစ် ၂၀၂၃ဇူလိုင်လတုန်းက ဂျပန်နိုင်ငံမှာ လူကနေ လူကို SFTS ရောဂါကူးစက်မှု ပထမဦးဆုံးအကြိမ် ဖြစ်ပွားခဲ့တာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အခုဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

(၄) ကြိုတင်ကာကွယ်နည်း – အဝတ်အစားဝတ်ဆင်ပုံ

NHK ဟာ လူနေမှုဘဝမှာ ဘေးကင်းစိတ်ချရေးနဲ့ ဆိုင်တဲ့မေးခွန်းတွေကိုဖြေကြားပေးနေပါတယ်။

ဒီအစီအစဉ်တွဲမှာ သတိထားရမယ့်အရာတွေနဲ့ မွှားနဲ့မှက်အကိုက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ စတာတွေကို တင်ဆက်မှာဖြစ်ပါတယ်။  အခုအပိုင်းမှာတော့  မွှားနဲ့ မှက်အကိုက်မခံရအောင် အဝတ်အစား ဝတ်ဆင်ပုံနဲ့ ပတ်သက်ပြီး အကြံပြု ဖြေကြားပါမယ်။

မြက်ခင်းတောတွေနဲ့ ခြုံပုတ်တွေလို မွှားကောင်တွေ၊ မှက်တွေ ရှိနိုင်တဲ့နေရာတွေကို သွားတဲ့အခါတွေမှာ လက်တွေ ခြေထောက်တွေနဲ့ လည်ပင်း စတဲ့ နေရာတွေ အတတ်နိုင်ဆုံး ပေါ်မနေတဲ့  အင်္ကျီလက်ရှည် ဘောင်းဘီရှည်မျိုးတွေကို ဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းတာလည်း လုပ်သင့်ပါတယ်။ ဒါ့အပြင် လည်ပင်းကို မျက်နှာသုတ်ပုဝါနဲ့ ပတ်ထားပါ။ လက်အိတ်စွပ်ပါ။  အင်္ကျီလက်ရှည်ကို လက်အိတ်ထဲထည့်စွပ်ပြီး အသားမပေါ်အောင် လုပ်ပါ။ ဒီလိုပဲ အင်္ကျီ‌အောက်ပိုင်းကို ဝတ်ထားတဲ့ ဘောင်းဘီရှည်ရဲ့ ခါးနေရာမှာ ထိုးထည့်ပါ။    ဘောင်းဘီ‌ရှည်ရဲ့ ခြေချင်းဝတ်နေရာကို လည်ရှည်ဘွတ်ဖိနပ် အထဲကိုထည့်ပါ။ ဒါမှမဟုတ် ဝတ်ထားတဲ့ခြေအိတ်ထဲဘောင်းဘီရှည်အောက်အနားစကို ထိုးထည့်ပြီး ဟပြီး အသားပေါ်မနေအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘောင်းဘီတိုမဝတ်ပါနဲ့။ ခြေညှပ်ဖိနပ်လည်းမစီးဖို့ အကြံပြုပါရစေ။

အိမ်ပြန်ရောက်တဲ့အခါ အပေါ်ဆုံးမှာဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို အိမ်ထဲမဝင်ခင် အရင်ချွတ်ချပါ။ အပေါ်အင်္ကျီမှာ မွှားကောင်တွေ၊ မှက်တွေ ကပ်ပါလာတာရှိမရှိ စစ်ဆေးပါ။ တကယ်လို့ တွေ့ခဲ့ရင် ကော်တိပ်နဲ့ကပ်ပြီး အကောင်တွေကို ခွာယူရင်း ဖယ်ရှားပါ။ ရေချိုးတဲ့အခါမှာလည်း ချိုင်းကြား စတဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ မွှားနဲ့မှက် အကိုက်ခံထားရတာ ရှိမရှိ စစ်ဆေးပါလို့ အကြံပြုပါတယ်။

ဒီအချက်အလက်တွေဟာ ၂၀၂၄ခုနှစ် ဧပြီလ ၂၆ရက်နေ့အထိ ရထားတာတွေ ဖြစ်ပါတယ်။

(၅) ကြိုတင်ကာကွယ်နည်း – ပိုးပြေးဆေး အသုံးပြုခြင်း

နေ့စဉ်လူနေမှုဘဝမှာ ဘေးကင်းစိတ်ချစွာနေထိုင်နိုင်ဖို့အတွက် မေးခွန်းတွေကို NHK က ဖြေကြားပေးနေပါတယ်။

အခု နောက်ဆုံးအပိုင်းမှာ မွှားနဲ့ မှက်မကိုက်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ ပိုးပြေးဆေးအကြောင်း လေ့လာကြပါမယ်။

ပိုးပြေးဆေး ကို ကိုယ်ပေါ်ဖြန်းပြီး အသုံးပြုခြင်းအားဖြင့် မွှားနဲ့မှက် ကိုယ့်ဆီကို မလာအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ ပိုးပြေးဆေးတွေထဲမှာ အများအားဖြင့် “DEET(ディート)” နဲ့ “Icaridin(イカリジン)” ဓာတ်ပစ္စည်းတွေရှိပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေ ပါဝင်တဲ့ ပိုးပြေးဆေးတွေကို ဆေးဆိုင်မှာ ဝယ်ယူနိုင်ပါတယ်။ ကိုယ်သုံးလိုတဲ့ ရည်ရွယ်ချက်နဲ့ သင့်တော်မယ့် ပိုးပြေးဆေးကို ရွေးချယ်ပါ။

အထူးသဖြင့် DEET ကို အသုံးပြုတဲ့အခါ အသက်အရွယ် ကန့်သတ်ချက်ရှိတာကြောင့် သေချာကြည့်ပါ။ တစ်နေ့အတွင်း သုံးနိုင်တဲ့ အကြိမ်အရေအတွက်လည်း ကန့်သတ်ချက်ရှိပါတယ်။ သေချာ စစ်ဆေးပါ။ ပိုးပြေးဆေးဆိုတာ အရေပြားပေါ် တိုက်ရိုက်ဖြန်းနိုင်တဲ့အပြင် အဝတ်အစားနဲ့ ဖိနပ်တွေမှာ ဖြန်းရင်လည်း ထိရောက်ပေမဲ့ မွှားနဲ့မှက် ကိုက်မဲ့ ဒဏ်ကို ပိုးပြေးဆေးသုံးရုံနဲ့ ကာကွယ်နိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒါ့ကြောင့် အပြင်သွားရင် သင့်တော်တဲ့ အဝတ်အစား ဝတ်ဆင်နည်းကို လည်း လေ့လာကျင့်သုံးပါ။

ဒီသတင်းအချက်အလက်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ရထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။