လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

ဝက်သက်‌ရောဂါကာကွယ်ပါ

(၁) ရောဂါကူးစက်မှုအခြေအနေ

NHK က နေ့စဉ်လူနေမှုဘဝမှာ ဘေးကင်းလုံခြုံမှုရှိစေရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေကြားပေးနေပါတယ်။
ဒီနှစ်အစပိုင်းကစပြီး ဂျပန်နိုင်ငံတစ်ဝန်း မှာ ဝက်သက်ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်လာခဲ့ပါတယ်။ ဝက်သက်‌ရောဂါဟာ အလွန်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါတယ်။ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါ အခြေအနေကို ဖြစ်ပေါ်စေနိုင်ပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဝက်သက်ရောဂါနဲ့ပတ်သက်တဲ့ အခု စီးရီးအသစ်ရဲ့ပထမအပိုင်းမှာ လက်ရှိ ရောဂါကူးစက်မှု အခြေအနေကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်ပါ။

၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ လူ အယောက် ၂၀ ကို ဝက်သက်ရောဂါကူးစက်ခဲ့တယ်လို့ အတည်ပြုထားကြောင်း National Institute of Infectious Diseases က ဆိုပါတယ်။ သူတို့တွေထဲမှာ ပြည်ပကနေပြန်လာသူတွေ၊ ဂျပန်ကို လာလည်တဲ့ခရီးသွားဧည့်သည်တွေနဲ့ အဲဒီလူတွေဆီက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ပါဝင်ပါတယ်။
ဝက်သက်ရောဂါဟာ တစ်ချိန်က ဂျပန်နိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး လူအများအပြားကို ကူးစက်ခဲ့ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပြီးတဲ့နောက်မှာ ဖြစ်ပွားမှု အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကူးစက်မှုဟာ တစ်ယောက်နှစ်ယောက်ကနေ ဒါဇင်ချီတဲ့ အထိ များလာခဲ့ပါတယ်။ ဒီနှစ်အတွင်း အတည်ပြုလူနာအရေအတွက် တိုးလာတာက‌တော့ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှု အရေအတွက်တိုးလာတာကြောင့် နဲ့ COVID နဲ့ပတ်သက်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီးတဲ့နောက် ကမ္ဘာလှည့်ခရီးသည်တွေများလာတာနဲ့ ဆက်စပ်တယ်လို့ ဂျပန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ သုတေသနအဖွဲ့ National Institute of Infectious Diseases က ယူဆထားပါတယ်။

အခုသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ မှာရထားတာဖြစ်ပါတယ်။

(၂) ဝက်သက်ရောဂါဆိုတာ ဘာလဲ?

NHK က ဂျပန်မှာ နေထိုင်နေတဲ့ နေ့စဉ်ဘဝမှာ ဘေးအန္တရာယ်ကင်းစေဖို့ မေးခွန်းတွေကို ဖြေကြားပေးနေပါတယ်။ အခုတစ်ကြိမ်မှာ ဝက်သက်ရောဂါလက္ခဏာတွေနဲ့ ကူးစက်မှု ဥပမာတွေကို တင်ပြသွားပါမယ်။

ဝက်သက်ဆိုတာ ဗိုင်းရပ်စ်ပိုးဆိုင်ရာ ကူးစက်ရောဂါဖြစ်ပါတယ်။ အဓိက ရောဂါလက္ခဏာတွေထဲမှာ အပူချိန်မြင့်တက်တာ၊ ချောင်းဆိုးတာ၊ အင်ပြင်ထွက်တာနဲ့ မျက်လုံးနီရဲတာတွေပါ။ ကူးစက်ရောဂါ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကိုယ်အပူချိန်ဟာ ၂ ရက်လောက်အကြာမှာ ကျသွားတတ်ပါတယ်။ အဲဒီနောက်မှာ နောက်တစ်ကြိမ် အပူချိန် မြင့်တက်လာပြီး ၄၀ ဒီဂရီဆဲလ်စီးယပ်စ် နီးပါး အထိ ရှိလာတတ်ပါတယ်။ အဲဒီအနေအထားက သီတင်း တစ်ပတ်လောက်ဆက်ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဝက်သက်ရောဂါဟာ ကူးစက်ခံရသူရဲ့ ချောင်းဆိုးမှု၊ နှာချေမှုတွေကြောင့် ဗိုင်းရပ်စ်တွေ ပျံ့နှံ့ပြီး အဲဒါကို ရှုရှိုက်မိတဲ့ သူကကူးစက်ပါတယ်။ ကူးစက်နိုင်စွမ်း အလွန်ပြင်းးထန်ပြီး ကိုယ်ခံအားမရှိသူတွေဖြစ်မယ်ဆိုရင် ကူးစက်ထားသူတွေနဲ့ လေယာဉ် တစ်စီးတည်း၊ ရှင်ကန်စဲန်း ကျည်ဆန်ရထား တစ်တွဲတည်းထဲမှ စီးတာနဲ့တင် ကူးစက်ခံခဲ့ရတဲ့ အစီရင်ခံချက်တွေရှိပါတယ်။်။

ဝက်သက်ရောဂါကူးစက်မှု တားဆီးရေးအတွက် ဝက်သက်လို့ သံသယဖြစ်စရာ ရောဂါလက္ခဏာရှိလာတဲ့အခါမှာ အများပြည်သူဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး ရထား၊ ဘတ်စ်ကား စီးတဲ့နည်းလမ်းတွေကို အတတ်နိုင်ဆုံးရှောင်ရှားပြီး ကျန်းမာရေးဌာနတွေမှာ ဆွေးနွေးတိုင်ပင်ပါ။ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြစေလိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆော်ဩနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၃)  ရောဂါလက္ခဏာအမျိုးစုံပြီးအခြေအနေဆိုးရွားလာစေမယ့်အန္တရာယ်တွေက ဘာတွေလဲ?

နေ့စဉ်ဘဝမှာ ဘေးအန္တရာယ်ကင်းစေဖို့နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို NHK က ဖြေကြားပေးနေပါ တယ်။ အခုနှစ်အစပိုင်းကစပြီး ဂျပန်နိုင်ငံတစ်လွှားမှာ ဝက်သက်ရောဂါဖြစ်ပွားမှု တိုးလာနေပါတယ်။ ဝက်သက်ရောဂါဟာ အလွန်တရာ ကူးစက်လွယ်တဲ့ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ဝက်သက်ရောဂါကနေ ဆိုးရွားတဲ့အခြားရောဂါလက္ခဏာတွေပါ ဖြစ်လာစေနိုင်တဲ့ အန္တရာယ် အကြောင်း တင်ဆက်သွားပါမယ်။

ဝက်သက်ရောဂါကူးစက်ခံရပြီဆိုရင် အဆုပ်အအေးမိရောဂါနဲ့ ဦးနှောက် အမြှေးယောင်ရောဂါတွေပါ ထပ်ပေါင်းပြီး ဖြစ်တတ်တာကြောင့် စိုးရိမ်ရပါတယ်။ အထူးသဖြင့် ဦးနှောက်အမြှေးယောင်ရောဂါဟာ အသက်ဆုံးရှုံးစေနိုင်ပြီး လူ တစ်ထောင်မှာ တစ်ဦး ဖြစ်ပွားနှုန်းရှိပါတယ်။ တချို့လူနာတွေဆိုရင် ဝက်သက်ရောဂါဖြစ်ပွားရာကနေ နာလန်ထူလာပြီးတဲ့နောက်မှာလည်း ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပြန့်ပွား ပုန်းအောင်နေတာကြောင့် နှစ်အနည်းငယ်ကြာတဲ့အခါမှ ဦးနှောက်အမြှေးယောင်ရောဂါဖြစ်ပေါ်လာတတ်တာမျိုး ရှိပါတယ်။ ဒီလိုပုံစံမျိုး ဦးနှောက်အမြှေးယောင်တာကို Subacute Sclerosing Panencephalitis (SSPE) လို့ခေါ်ပြီး ကုသဖို့ခက်ခဲပါတယ်။ လူတစ်သိန်းမှာ တစ်ယောက်ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။

ဒီလိုဦးနှောက်အမြှေးယောင် ရောဂါခံစားရတဲ့သူဟာ ရုတ်တရက်ဆိုသလို နေ့တဓူဝလုပ်ကိုင်ဆောင်ရွက်နေတာတွေကို မလုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် မူမမှန်တဲ့ အပြုအမူတွေကို လုပ်ဆောင်လာတတ်တာမျိုး လည်းတွေ့ရတတ်ပြီး နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ National Institute of Infectious Diseases (နိုင်ငံလုံးဆိုင်ရာကူးစက်ရောဂါသုတေသနဌာန)ရဲ့ အဆိုအရ SSPE ဖြစ်ပွားမှုအများအပြားဟာ အသက် ၂ နှစ်အောက်အရွယ်မှာ ရောဂါပိုးကူးစက်ခံရတတ်ပြီး မူလတန်းကျောင်းတက်အရွယ်ရောက်တဲ့ အခါ မှာ ရောဂါလက္ခဏာ စတွေ့ရတာများတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။  

(၄) ရောဂါကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

NHK က နေ့စဉ်လူနေမှုဘဝမှာ ဘေးအန္တရာယ်ကင်းပြီး လုံခြုံမှုရှိစေရေးအတွက် မေးခွန်းတွေကို ဖြေကြားပေးနေပါတယ်။

ဒီနေ့မှာတော့ ဝက်သက်ရောဂါကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို တင်ပြပေးပါမယ်။

ဝက်သက်ရောဂါကို ကုသဖို့ဆေးဝါးဆိုပြီး သတ်သတ်မှတ်မှတ်ထုတ်ထားတာ မရှိပါဘူး။ ဆရာဝန်တွေက ‌ရောဂါကြောင့် လူနာတွေခံစားရတဲ့ လက္ခဏာတွေ သက်သာဖို့အတွက်ပဲ ဆေးပေးနိုင်ပါတယ်၊ ဥပမာ လူနာက အဖျားရှိရင် အဖျားကျဆေးပဲ ပေးနိုင်ပါတယ်။ အဲဒါကြောင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ရောဂါမပြန့်ပွားအောင် ကာကွယ်ဆေးထိုးဖို့က အရေးကြီးကြောင်းကို အလေးဂရုပြု ပြောကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားက‌လေးတွေ အပါအဝင် ကျောင်းမတက်ရ‌မီအရွယ် က‌လေးငယ်များအားလုံးအတွက် ဝက်သက် နဲ့ ဂျိုက်သိုးရောဂါအတွက် ပေါင်းစပ်ကာကွယ်ဆေး MR vaccine ကို အခမဲ့ ထိုးပေးနေပါတယ်။ က‌လေး ၁ နှစ်သား အရွယ်မှာ ပထမအကြိမ်ကို ထိုးပေးပြီး၊ ဒုတိယအကြိမ်ကိုတော့ သူတို့ မူလတန်း စမတက်ခင်မှာ ထိုးပေးပါတယ်။

ပထမအကြိမ် တစ်ကြိမ်သာထိုးထားတဲ့သူတွေရဲ့  ၅ ရာခိုင်နှုန်းလောက်ဟာ လုံလောက်တဲ့ ကိုယ်ခံစွမ်းအားကို မရကြဘူးလို့ လေ့လာသိရှိထားပါတယ်။ ကာကွယ်ဆေး တစ်ကြိမ်ပဲထိုးထားတဲ့ ဆယ်ကျော်သက်နဲ့ အသက် ၂၀ တန်းအရွယ်တွေကြားမှာ ဝက်သက်ရောဂါ ကူးစက်ပြန်ပွားခဲ့တာ ဂျပန်နိုင်ငံမှာ အရင်တုန်းက ဖြစ်ခဲ့ဖူးပါတယ်။

ကလေးတွေကို ကာကွယ်ဆေး ၂ ကြိမ် သေသေချာချာ ထိုးပေးဖို့ ၊ မမေ့ကြဖို့ မိဘတွေကို ဆေးပညာကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အခုသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိ ရထားတာဖြစ်ပါတယ်။

(၅) ဝက်သက်ရောဂါ ကူးစက်မခံရအောင် ဘယ်လိုလူတွေက အထူးဂရုစိုက်ဖို့ လိုသလဲ?

နေ့စဉ်လူမှုဘဝမှာ ဘေးအန္တရာယ်ကင်းဖို့ လုံခြုံစွာနေထိုင်နိုင်ဖို့ မေးခွန်းတွေကို NHK ဖြေကြားပေးနေပါတယ်။

အခုတစ်ကြိမ်မှာတော့ ဝက်သက်ရောဂါ မကူးစက်အောင် အထူးဂရုစိုက်သင့်တဲ့ သူတွေအကြောင်း အလေးပေး တင်ဆက်ပါမယ်။

ပထမဆုံးသတိထားရမှာက ဝက်သက်ရောဂါကာကွယ်ဆေး နှစ်ကြိမ်မထိုးရသေးသူတွေ ဖြစ်ပါတယ်။ ကာကွယ်ဆေး ၂ကြိမ် မထိုးထားရင် ဝက်သက်ရောဂါပိုးမကူးစက်အောင် သတိထားဖို့ တိုက်တွန်းပါတယ်။

ဂျပန်မှာ အသက် ၅၀ နဲ့ အထက် အရွယ်ရှိသူ အများစုဟာ သူတို့ကလေးဘဝတုန်းက ပုံမှန်ကာကွယ်ဆေးထိုးတဲ့ စနစ် မရှိခဲ့တာကြောင့် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးခဲ့ကြပါဘူး။ အဲဒီ့အသက်ထက်ငယ်တဲ့ မျိုးဆက်မှာ ပုံမှန် ကာကွယ်ဆေးထိုး စနစ်ရှိလာခဲ့ပေမဲ့ အနှစ် ၃၀ နီးပါးလောက်အတွင်းမှာ ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီမျိုးဆက်က လူတွေဟာလည်း ဝက်သက် ရောဂါကာကွယ်နိုင်စွမ်း လုံလုံလောက်လောက် မရှိတဲ့သူတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ကိုကိုယ် ဝက်သက်ရောဂါကာကွယ်နိုင်လောက်အောင် လုံလောက်တဲ့ ခုခံနိုင်စွမ်းရှိ မရှိ  မသိဘူးဆိုရင်၊ ဆေးရုံ ဆေးခန်းတစ်ခုခုမှာ ကိုယ်ခံအား ပဋိပစ္စည်းစမ်းသပ်မှု ခံယူဖို့လုပ်ပါ။  ကာကွယ်ဆေးထိုးဖို့ လိုမလို စစ်ဆေးဖို့ လည်း အကြံပြုပါတယ်။

နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ထားသူဟာ ရောဂါကူးစက်မှုမဖြစ်အောင် အထူးသတိထားဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဝက်သက်ရောဂါကူးစက်ခံရရင် နောက်ဆက်တွဲ အခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ လမစေ့ဘဲမီးဖွားနိုင်တဲ့ အန္တရာယ်တွေလည်း တိုးလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ထားကြတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ခံအားပဋိပစ္စည်း စစ်ဆေးခြင်းကို ကြိုတင်ပြုလုပ်ပါ။ ဝက်သက် ရောဂါပိုးကူးစက်နိုင်တဲ့ အခြေအနေ ကိုယ့်မှာ ရှိမရှိ ကြိုတင်စစ်ဆေးဖို့ အရေးကြီးပါတယ်။ လိုအပ်သလို ကာကွယ်ဆေးထိုးဖို့လည်း တိုက်တွန်းထားပါတယ်။

ဝက်သက်ရောဂါဖြစ်ပွားမှုများပြားတဲ့ နိုင်ငံခြားတိုင်းပြည်နဲ့ ဒေသတွေဆီ ခရီးသွားတဲ့အခါမှာ  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အလားတူ ကျန်းမာရေးစစ်ဆေးပြီး ကြိုတင်ကာကွယ်ပါ။ နိုင်ငံခြားက ပြန်ရောက်လာတဲ့အခါမှာလည်း မိမိရဲံ ကျန်းမာရေးအခြေအနေကို ဂရုတစိုက်စောင့်ကြည့် သတိထားဖို့ အကြံပြုပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ရက်နေ့အထိ ရရှိထားတာတွေ ဖြစ်ပါတယ်။

(၆) ကာကွယ်ဆေး မပြတ်လပ်အောင် ဆောင်ရွက်ပါ

NHK က နေ့စဉ်လူမှုဘဝမှာ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစွာနေထိုင်နိုင်ရေး အတွက် မေးခွန်းတွေကို  ဖြေကြားပေးနေပါတယ်။

အခုတစ်ကြိမ် ဝက်သက်ရောဂါနဲ့ ဆိုင်တဲ့ တင်ဆက်မှု နောက်ဆုံး အပိုင်းအနေနဲ့ ကာကွယ်ဆေး လုံလောက်စွာ ဖြန့်ချိရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပါမယ်။

ဂျပန်နိုင်ငံတစ်ဝန်းမှာ ဝက်သက်ရောဂါကူးစက်မှု အတည်ပြုချက်တွေ ဆက်တိုက် ထွက်ပေါ်လာနေတာကြောင့် ဆေးဘက်ဆိုင်ရာဌာနတွေကို ကာကွယ်ဆေးထိုး လိုသူတွေ ဆီကနေ ဆက်သွယ်မေးမြန်းတာတွေ အများအပြား ရှိနေပါတယ်။ ကာကွယ်ဆေးလိုအပ်မှု တိုးများလာနေပေမဲ့ ဖြန့်ချိတဲ့ ပမာဏကတော့ ပြီးခဲ့တဲ့နှစ်ကနဲ့ သိပ်မကွာတဲ့ အနေအထားဖြစ်နေပါတယ်။ မတ်လတုန်းက ကျန်းမာရေးဝန်ကြီးဌာနဟာ ကာကွယ်ဆေးကို လက်ကားရောင်းချသူတွေနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေဆီကို ကာကွယ်ဆေးကို တည်တည်ငြိမ်ငြိမ် ရရှိနေအောင် ကူညီဆောင်ရွက်ပေးကြဖို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကနေတစ်ဆင့် တောင်းဆိုခဲ့ပါတယ်။ လက်ကားရောင်းချသူတွေ အနေနဲ့ ကလေးငယ်တွေအတွက် ပုံမှန် ကာကွယ်ဆေးထိုးနှံပေးတဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ကာကွယ်ဆေး လုံလုံလောက်လောက် ဦးစားပေး ဖြန့်ချိနိုင်အောင် ဆောင်ရွက်ကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အရွယ်ရောက်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ လို၊ မလို သိရဖို့အတွက် ပဋိပစ္စည်းစစ်ဆေးမှု နည်းလမ်းတွေကတစ်ဆင့် ဝက်သက်ရောဂါအတွက် ခန္ဓာကိုယ်မှာ ခုခံနိုင်စွမ်းရှိမရှိ ကြိုတင် စစ်ဆေးကြဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက နှိုးဆော်နေပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။