လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

ဝက်ဝံတွေက တိုက်ခိုက် ရန်ပြုလာတာမြင့်တက်လာနေပါတယ်၊ ထိခိုက်ဒဏ်ရာရပြီးသေဆုံးတာ မဖြစ်ရအောင် ကာကွယ်နည်းများ ကိုလေ့လာပါ

အပိုင်း−၁ ဝက်ဝံတွေက လူတွေကိုရန်ပြုလာတဲ့ ဧရိယာတွေ များပြားလာ

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK မျှဝေပေးနေပါတယ်။
ဂျပန်မှာ အခု ၂၀၂၃ခုနှစ်အတွင်း ဝက်ဝံတွေရဲ့ ရန်ပြုတိုက်ခိုက်မှု အရေအတွက် များပြားလာနေပါတယ်။ ဝက်ဝံတွေ တိုက်ခိုက်လာတာ မခံရအောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်ပါသလဲ။ ပထမဆုံး ဝက်ဝံတွေရဲ့ တိုက်ခိုက်ခံရမှု အခြေအနေနဲ့ အခုလိုဖြစ်ရခြင်း အကြောင်းတွေကို လေ့လာကြည့်ကြရအောင်။
အခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ဝက်ဝံတွေရဲ့ ရန်ပြုတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈၀ ဦး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ NHK က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ အစိုးရက မှတ်တမ်း တင်ထားတဲ့ ဝက်ဝံတိုက်ခိုက်မှုကြောင့် အများဆုံး ထိခိုက်သေဆုံးမှု ဟာ လွန်ခဲ့တဲ့ ၃ နှစ်က တစ်နှစ်တာအတွင်း ၁၅၈ ဦး ရှိခဲ့ပြီး အခု နှစ်က ဒီအရေအတွက်ကို ကျော်လွန်သွားခဲ့ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့က Toyama မြို့က နေအိမ် ခြံဝန်းအတွင်းမှာ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာ နေရာအနီးမှာ ဝက်ဝံခြေရာတွေ ရှိနေတာကြောင့် ဝက်ဝံရဲ့ တိုက်ခိုက်မှု ခံခဲ့ရတယ်လို့ ယူဆရပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ကတော့ Iwate ခရိုင် Hachimantai တောင်တွေပေါ်မှာ မှိုအရှာထွက်တဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ ဝက်ဝံရဲ့ တိုက်ခိုက်မှုခံရပြီး နောက် အမျိုးသမီးကြီး ကတော့ သေဆုံးသွားခဲ့ပါတယ်။
အခုအခါ Machida မြို့လိုမျိုး တိုကျိုမြို့ရဲ့ ဆင်ခြေဖုံးနေရာတွေ မှာတောင် ဝက်ဝံတွေကို မြင်တွေ့နေရတတ်ပါတယ်။
ဝက်ဝံတွေအတွက် အစားအစာတွေ တောင်ပေါ်မှာ ရှားပါးလာတာကြောင့် အခုလိုအခြေအနေတွေများလာတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ graduate school of Tokyo University of Agriculture and Technology (တိုကျို စိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန် သင်တန်း) ရဲ့ ပါမောက္ခ Koike Shinsuke က ဝက်ဝံတွေဟာ အဓိကအားဖြင့် ဝက်သစ်ချသီးတွေကို စားသုံးလေ့ရှိပြီး အခုနှစ်မှာ အဲဒီအသီးတွေ သိပ်မသီးခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါကြောင့် ဝက်ဝံတွေဟာ ပုံမှန်အားဖြင့် သူတို့ကျက်စား သွားလာလေ့မရှိတဲ့ လူတွေနေတဲ့နေရာတွေကိုလာပြီး အစာရှာဖွေလာကြတာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၂ ဝက်ဝံတွေရဲ့ ရန်ပြုတိုက်ခိုက်တာ မခံရအောင် ကြိုတင်ကာကွယ်နည်းများ

အခုတစ်ခါ ဝက်ဝံတွေလာမတိုက်ခိုက်အောင် ကြိုတင်ကာကွယ် နိုင်တဲ့နည်းတွေကို လေ့လာကြည့်ကြရအောင်။
ဝက်ဝံတွေရဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် သူတို့ကို လူတွေနေထိုင်တဲ့နေရာတွေနား မလာအောင်လုပ်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ဝက်ဝံတွေဟာ အစာရှာဖို့ လူတွေနေထိုင်ရာ ဧရိယာတွေထဲကိုတော့ လာနေကြပါတယ်။
အထူးသဖြင့် ဝက်ဝံတွေဟာ ဂျပန်တည်သီးနဲ့ သစ်အယ်သီးတွေလိုမျိုး အသီးအနှံတွေနဲ့ အခွံမာသီးတွေကို နှစ်သက်ကြပါတယ်။ အဲဒါကြောင့် ပထမအချက်အနေနဲ့ ရင့်မှည့်နေတဲ့ အသီးအနှံတွေ ဒါမှမဟုတ် အခွံမာသီးတွေကို အိမ်ခြံဝန်းထဲက သစ်ပင်မှာသီးနေတာမျိုး မဖြစ်အောင် ခူးပစ်လိုက်ပါ။ တတ်နိုင်သမျှ ခပ်စောစော ခူးဆွတ်ရိတ်သိမ်းတာ ကောင်းပါတယ်။ အသီးတွေစားမကုန်ဘဲ ကျန်နေတဲ့အခါ ဝက်ဝံတွေ ချဉ်းကပ်မလာရလေအောင် အသေအချာ လုံလုံခြုံခြုံ ထုတ်ပိုး စွန့်ပစ်ပါ။
ဒုတိယအချက်အနေနဲ့ မီးဖိုချောင်ထွက် အမှိုက်စို ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေရဲ့အစားအစာတွေကို အိမ်အပြင်မှာ မထားပါနဲ့။ အနံ့ပြင်းပြင်းတွေက ဝက်ဝံတွေကို ဆွဲဆောင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် အဲဒီ အစားအသောက် အကြွင်းအကျန်တွေကနေ အနံ့ပြင်းပြင်းထွက်ရင် ဝက်ဝံလာမှာကြောင့် အနံ့ မထွက်လာအောင် လုပ်နိုင်မယ့် အစီအမံတွေကို ပြုလုပ်ပါ။
ဒါ့အပြင် ချုံပုတ်တွေလိုမျိုး ဝက်ဝံတွေခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းခုတ်ထွင်ပစ်ဖို့ အရေးကြီးပါတယ်။
ဝက်ဝံတွေဟာ တစ်ခါတစ်ရံ မြို့ရွာတွေထဲ မျက်စိလည် လမ်းမှားရောက်လာပြီး ထိတ်လန့် သွားတဲ့အခါ အဆောက်အအုံတွင်း ဝင်လာတတ်ကြတာမျိုး ရှိပါတယ်။ အဲဒါကြောင့် အိမ်တံခါးတွေကို သေချာပိတ်ပါ။ ခြံတံခါးတွေကို လုံခြုံအောင် သော့ခတ်ထားကြပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၃ ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ဆုံမိရင် ဘာလုပ်သင့်သလဲ

တကယ်လို့များ မမျှော်လင့်ဘဲ ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ရင် ဘာလုပ်သင့်သလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။
Rakuno Gakuen တက္ကသိုလ်က ပါမောက္ခ Sato Yoshikazu က ဝက်ဝံနဲ့တွေ့ရင် လုပ်ရမယ့်အချက်တွေကို အခုလို အကြံပြုထားပါ တယ်။
ကိုယ့်အနီးဝန်းကျင်မှာ ဝက်ဝံတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ရင်ဆိုင်တွေ့မိပြီဆိုရင် သွားနေတာကို ပထမဦးစွာ ရပ်လိုက်ပါ။ ဝက်ဝံရဲ့အခြေအနေကိုကြည့်ရင်း ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ပြီး အကွာအဝေးတစ်ခု ခြားသွားအောင်နေပါ။
သင့်မှာ ဝက်ဝံနောက်ဆုတ်ပြီး ထွက်ပြေးအောင် 熊撃退スプレー(Kumagekitai supuray)လို့ခေါ်တဲ့ ပက်ဖျန်းတဲ့မှုတ်ဆေးရည်ဗူး ပါလာတယ်ဆိုရင် ချက်ချင်းအသုံးပြုနိုင်အောင် အသင့်လုပ်ထားပါ။ အဲဒီမှုတ်ဆေးရည်ဗူးထဲမှာ ငရုတ်သီးမှာပါတဲ့ စပ်တဲ့ဓာတ်သတ္တိကို ထည့်ထားတာကြောင့် ဝက်ဝံရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပစ်မှတ်ထားပြီး ပက်ဖျန်းရင် ချက်ချင်းထိရောက်မှုရှိပါတယ်။ အဲဒီ ဆေးရည်တွေကို မှုတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မထိမိအောင် တော့ သတိထားပါ။ ဆေးဗူးကို ကိုယ့်ခန္ဓာကိုယ်နဲ့ဝေးအောင် ခပ်လှမ်းလှမ်းက ကိုင်ပြီးမှ ဖျန်းမှုတ်ပါ။
ဝက်ဝံက ကိုယ့်ရှေ့ကိုရုတ်တရက်တိုးလာပြီး ရန်ပြုတယ်ဆိုပါစို့။ ဖြစ်ရပ်အများစုမှာတော့ အဲဒီလို လုပ်ဆောင်တာဟာ ခြိမ်းခြောက်ရုံ သက်သက်သာဖြစ်ပြီး လူတစ်ဦးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ တကယ်လို့ ဝက်ဝံနဲ့ထိလိုက်မိတယ် ဆိုရင်တောင် ခုခံတာမျိုးမလုပ်ဘဲ မိမိကိုယ်ကိုယ်ကာကွယ်တဲ့ အနေအထားနဲ့နေတာက အသက်အန္တရာယ်မထိခိုက်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကျောပိုးအိတ်တစ်လုံး လွယ်ထားတယ်ဆိုရင် အဲဒီအိတ်ကိုကျောပိုးထားတဲ့ အနေအထား အတိုင်း မြေပြင်ပေါ်မှာ မှောက်ချပြီး ဗိုက်ကိုအတိုက်အခိုက်မခံရ အောင် အကာအကွယ်ယူပါ။ လည်ပင်းကလည်း အထိခိုက်လွယ်ဆုံး နေရာဖြစ်တာကြောင့် လည်ပင်းပေါ်မှာ လက်အချင်းချင်း ယှက်ချိတ် ပြီး အကာအကွယ်လုပ်ထားပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၄ စက်ဘီးစီးလာချိန် ဝက်ဝံတစ်ကောင်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘာလုပ်သင့်သလဲ

စက်ဘီးစီးပြီးလာနေတုန်း ဝက်ဝံတစ်ကောင်နဲ့ ရုတ်တရက်တွေ့တဲ့ အခါ ဘာလုပ်သင့်တယ် ဆိုတာကို လေ့လာကြည့်ကြရအောင်။
Rakuno Gakuen တက္ကသိုလ်က ပါမောက္ခ Sato Yoshikazu က အခုလို အကြံပြုထားပါတယ်။ အခြေခံအားဖြင့် လမ်းလျှောက်လာတုန်း ဝက်ဝံတစ်ကောင်ရှေ့မှာပေါ်လာရင် လုပ်ရမယ့်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ ပထမဦးစွာ စက်ဘီးကိုရပ်လိုက်ပြီး ဝက်ဝံကို စောင့်ကြည့်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရော စက်ဘီးပါ နောက်ပြန်ဆုတ်ရင်းနဲ့ပဲ စက်ဘီးကို ဂငယ်ကွေ့ ကွေ့ပြီး နောက်ကို ပြန်သွားလိုက်ပါ။
အရေးအကြီးဆုံး အချက်က စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဝက်ဝံရဲ့ အခြေအနေကို ကြည့်ရင်း ဘာသံမှ မထွက်ဘဲ အကွာအဝေးတစ်ခု ရောက်တဲ့အထိ သွားနေဖို့ ဖြစ်ပါတယ်။ ဝက်ဝံတွေဟာ ထွက်ပြေးရင် နောက်ကနေ ပြေးလိုက်လေ့ရှိတဲ့ သဘာဝရှိတာကြောင့် အလောတကြီး ထွက်ပြေးတာမျိုးမလုပ်ပါနဲ့။ အန္တရာယ်ရှိပါတယ်။ ဝက်ဝံတစ်ကောင်ဟာ ရုတ်တရက် ထပြေးတဲ့အခါ တစ်နာရီကို ကီလိုမီတာ ၅၀ အမြန်နှုန်းလောက်နဲ့ ပြေးနိုင်ပါတယ်။
စက်ဘီးက ဆူဆူညံညံအသံ ဘာမှမထွက်ဘဲ သွားနိုင်တဲ့ယာဉ် ဖြစ်တာကြောင့် လူရောဝက်ဝံပါ အချင်းချင်းသတိမပြုမိဘဲ ရုတ်တရက် အနီးကပ်မှ ဆုံတွေ့မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဝက်ဝံတွေ ကျက်စားနေထိုင်ရာအနီးမှာ စက်ဘီးစီးတဲ့အခါ ဒီဖြစ်နိုင်ခြေတွေကို သိထားပြီး သတိရှိရှိနဲ့ သွားလာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၅ ကားမောင်းလာချိန် ဝက်ဝံတစ်ကောင်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘာလုပ်သင့်သလဲ ?

ကားမောင်းလာချိန် ဝက်ဝံတစ်ကောင်လမ်းပေါ်မှာ ထွက်လာရင် ဘာလုပ်သင့်သလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။
လူစီးနင်းလာတဲ့ကားတစ်စီးကို ဝက်ဝံတွေက လာပြီးတိုက်ခိုက်တာ လုပ်ခဲပါတယ်လို့ Rakuno Gakuen တက္ကသိုလ်က ပါမောက္ခ Sato Yoshikazu က ပြောကြားခဲ့ပြီး အခုလို အကြံပြုထားပါတယ်။
ကားထဲမှာရှိနေတာကြောင့် ဘေးကင်းတယ်လို့ယူဆပြီး ဝက်ဝံအနား ရဲရဲတင်းတင်း ချဉ်းကပ်တာမျိုးကို ရှောင်ကြဉ်ပါ။ ကားမှန်တွေ ဖွင့်ထားတယ်ဆိုရင် ပြန်ပိတ်ပါ။ ကားပေါ်ကဆင်းပြီး ဓာတ်ပုံ ရိုက်တာမျိုးမလုပ်ဖို့ ပြောချင်ပါတယ်။ ဒါဟာ အင်မတန် အန္တရာယ်ရှိ ပါတယ်။
ကားဟွန်းသံဟာ ဝက်ဝံကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ဟွန်းမတီးမိစေပါနဲ့။ ဝက်ဝံဟာ လမ်းဘေးမှာ အစာစားနေပြီး အဲဒီတစ်နေရာတည်းမှာပဲ ရှိနေတယ်ဆိုရင် သူ့ ဘေးနားကနေ ဖြေးညှင်းစွာ ဖြတ်မောင်းသွားလို့ရပါတယ်။ တကယ်လို့ ဝက်ဝံက လမ်းဖြတ်ကူးဖို့ ကြိုးပမ်းနေတာဆိုရင် ဝက်ဝံလမ်းဖြတ်ကူးပြီးသွား တဲ့အထိစောင့်ပါ။ ဘေးကင်းတာ သေချာပြီဆိုမှ ကားထွက်ပါ။ ဝက်ဝံတွေဟာ ဒီဇင်ဘာလမှာ ဆောင်းခိုတွင်းအောင်းတာကို စလုပ် တတ်ကြပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ရာသီဥတုပူနွေးတဲ့ အချိန်ရှည်တာကြောင့် ဆောင်းခိုချိန် နောက်ကျနေတယ်လို့ ထောက်ပြထားပါတယ်။ ဝက်ဝံတွေ ဆောင်းခိုချိန်မတိုင်ခင်အထိ လူတွေအနေနဲ့ ဝက်ဝံတွေကို သတိထားနေသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။