လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

ပျားတူ (ဘဒူကောင်.スズメバチ) ကို သတိထားဖို့ နှိုးဆော်ချက်

အပိုင်း−၁ ပျားတူ (ဘဒူကောင်.スズメバチ) အတုပ်ခံရရင် အသက်ဆုံးရှုံးနိုင်

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK က မျှဝေပေးနေပါတယ်။
ဂျပန်မှာ နှစ်စဉ် အဆိပ်ပြင်းတဲ့ ပျားတူ (ဘဒူ) အတုပ်ခံရတာကြောင့် သေဆုံးခဲ့ရတဲ့သူ အများအပြားရှိတာကို တွေ့ရပါတယ်။ အင်းဆက်ပိုးမွှားတွေဟာ နွေရာသီနဲ့ ဆောင်းဦးရာသီတွေမှာ ပိုပြီးရန်လိုတတ်ပါတယ်။ သူတို့တွေရဲ့သဘာဝကို သိရှိဖို့နဲ့ ပျားတူ အတုပ်မခံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာတွေကို ဂရုပြုသင့်တယ်ဆိုတာ ဒီတစ်ခါမှာ လေ့လာကြပါမယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ ၂၀၂၂ ခုနှစ်မှာ ဂျပန်မှာ ပျားတူတုပ်ခံရလို့ သေဆုံးသူပေါင်း ၂၀ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်က Chiba ခရိုင် Tateyama မြို့မှာ ပျားအုံတွေဖယ်ရှားတဲ့အလုပ်ကိုလုပ်တဲ့ ကျွမ်းကျင်လုပ်သား တစ်ဦးဟာ သူ့ရဲ့ နားနဲ့ကျောကုန်းကို ပျားတူတုပ်တာ ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအလုပ်သမားဟာ ပျားအုံတွေဖယ်ရှားတဲ့အခါဝတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လုပ်ငန်းသုံး အကာအကွယ်ဝတ်စုံကို ၀တ်ဆင်ထားပေမဲ့လည်း ပျားတူရဲ့ အဆိပ်ဆူးက ဝတ်စုံကို ထိုးဖောက်ဝင်ခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ကတော့ Gifu ခရိုင် Takayama မြို့က တောင်တက်လမ်းမှာလုပ်တဲ့ အပြေးပြိုင်ပွဲမှာဝင်ပြိုင်သူ ၄၂ ဦးဟာ ပျားတူတုပ်တာခံခဲ့ရပြီး ၃ ဦး ဆေးရုံတင်ထားရပါတယ်။
Aomori ခရိုင်က ခရီးသွားတွေ ကိုယ်တိုင်ဆွတ်ခူး စားသုံးနိုင်တဲ့ ပန်းသီးဥယျာဉ်တစ်ခုမှာလည်း ပျားတူတွေ ဝင်ရောက်စားသုံးပြီး အသီးတွေ ပျက်စီးသွားခဲ့တဲ့အတွက် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။
ပျားတူတွေဟာ လူတွေနေထိုင်တဲ့နေရာ အနီးဝန်းကျင်ဧရိယာတွေမှာ နေထိုင်ကျက်စားကြပါတယ်။ スズメバチလို့ခေါ်တဲ့ ပျားတူ (ဘဒူကောင်) တုပ်ခံရရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် ကိုယ့်အနီးအနားမှာ မြင်လိုက်ရင် သတိထားနေကြဖို့ အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၂ (ဘဒူကောင်.スズメバチ) ရဲ့ ပျားအုံကို ဘယ်အချိန်ကစပြီး အဆင့်ဆင့်ဆောက်လုပ်သလဲ

ဒီတစ်ကြိမ်မှာတော့ ပျားတူ ဒါမှမဟုတ် ဘဒူကောင် လို့ခေါ်ကြတဲ့ (スズメバチ) ရဲ့ ပျားအုံ နဲ့ ပတ်သက်ပြီး လေ့လာကြည့်ပါမယ်။
နွေဦးရာသီကိုရောက်ပြီဆိုရင် ဆောင်းတွင်းခိုအောင်းနေရာကနေ နိုးထလာတဲ့ ပျားတူဘုရင်မဟာ တစ်ကောင်တည်းနဲ့ ပျားအုံကို စဆောက်ပါတော့တယ်။ ပျားအုံကို အလွှာတစ်ခုပြီးတစ်ခု ထပ်ပြီး ဆောက်လုပ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကြီးထွားလာတဲ့ပျားအုံထဲမှာ ပျားတူဘုရင်မဟာ ဥ အုချပြီး ပျားပိုးလောင်းတွေ ကြီးပြင်းသည်အထိ ပြုစုစောင့်ရှောက်ပါတယ်။ နွေရာသီရောက်တဲ့အခါမှာ အဲဒီပိုးလောင်းတွေဟာ လုပ်သားပျားတွေအဖြစ် ကြီးပြင်းလာကြ ပါတယ်။ လုပ်သားပျားတွေက ပျားအုံကို ပိုပြီးကြီးလာအောင် ဆောက်လုပ်သလို၊ အပြင်ထွက်ပြီးအစာရှာတာကိုလည်း လုပ်တာကြောင့် ပျားဘုရင်မက ဥများများအုနိုင်ဖို့ကိုသာ နှစ်မြှုပ်လုပ်ဆောင်နိုင်ပါတယ်။ ဒီလို အလုပ်လုပ်တာကြောင့် လုပ်သားပျားအရေအတွက်များလာပြီး ပျားအုံလည်း လျင်လျင် မြန်မြန် ကြီးထွားလာပါတယ်။
သြဂုတ်လဝန်းကျင်မှာ ပျားအုံတစ်အုံမှာ ပျားကောင်ရေ ပုံမှန်အားဖြင့် ၃၀၀ ကနေ ၄၀၀အထိ ရှိပါတယ်။ စက်တင်ဘာလရောက်တဲ့အခါ ပျားကောင်ရေ ၆၀၀ ကနေ ၇၀၀ အထိ ဖြစ်လာပြီး အောက်တိုဘာလမှာတော့ ပျားကောင်ရေ ၁,၀၀၀ အထိ တိုးပွားလာပါတယ်။ အဲဒီနောက် ပျားဘုရင်မအသစ်လည်းမွေးဖွားလို့ အရွယ်ရောက်လာပြီး ဆောင်းခိုဖို့အတွက် အဲဒီ ပျားအုံကိုထားခဲ့ပြီး ထွက်သွားပါတယ်။ အဲဒီအခါမှာ လုပ်သားပျားအားလုံးလည်း သေဆုံးသွားပြီး ပျားအုံက ဟောင်းလောင်းဖြစ်ကျန်ခဲ့ပါတယ်။ နွေရာသီကနေ ဆောင်းဦးရာသီအတွင်း ပျားတူတွေဟာ အရေအတွက် အများဆုံးနဲ့ အတက်ကြွဆုံး ဖြစ်ပါတယ်။ ဒါကြောင့် နှစ်တိုင်း ဒီအချိန်မှာ ပျားတူတုပ်တာ မခံရအောင် အထူးသတိထားဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၃ ပျားတူတွေက သူတို့ရဲ့ပျားအုံတွေကို ဘယ်နေရာတွေမှာ ဆောက်ကြသလဲ

ဒီတစ်ကြိမ်မှာတော့ ပျားတူ (ဘဒူကောင်.スズメバチ) တွေ ပျားအုံ ဆောက်တတ်ကြတဲ့နေရာတွေကို သတိထားမိစေဖို့ လေ့လာပါမယ်။
ဘဒူကောင်.スズメバチတွေဟာ တောင်တွေပေါ်မှာ၊ သစ်တောတွေထဲမှာသာမက လူတွေနေထိုင်တဲ့ ရပ်ကွက်၊ မြို့ရွာတွေထဲမှာလည်း သူတို့ရဲ့ပျားအုံကို ဆောက်လုပ်လေ့ရှိပါတယ်။
အိမ်တံစက်မြိတ်နဲ့ ကြမ်းခင်းတွေအောက်မှာ ပျားအုံဆောက်တဲ့ အပြင်ဆွဲတံခါးတွေနဲ့ ကဲလားတံခါးရွက်တွေ ကြားထဲမှာလည်း ဆောက်လုပ်နေထိုင်ကြပါတယ်။ ဘဒူကောင်လို့သိကြတဲ့スズメバチတွေဟာ လူတွေ မမြင်လွယ်တဲ့ ကျဉ်းမြောင်းတဲ့နေရာမျိုးတွေမှာ နေရတာကို ကြိုက်ကြပါတယ်။ ဥပမာ ရေဆိုးထုတ်တဲ့ ပိုက်လိုင်းထဲမှာ ပျားအုံဆောက်သလို၊ မီတာပုံးလို နေရာမျိုးတွေ မှာလည်း ပျားအုံတွေ ဖြစ်နေတတ်ပါတယ်။
ဥယျာဉ်တွေ၊ ပန်းခြံတွေထဲက မသုံးဘဲပစ်ထားတဲ့ ပန်းအိုးအဟောင်းတွေ အနီးနားကို သွားတဲ့အခါမှာလည်း သတိထားဖို့လိုပါတယ်။ အပင်စိုက်တဲ့အိုးတွေကို မသုံးလို့ဆိုပြီး မှောက်ထားလိုက်ရင် ဘဒူကောင်လို့ခေါ်တဲ့スズメバチတွေဟာ ပန်းအိုးအောက်က အခေါင်းဖြစ်နေတဲ့နေရာမှာ ဝင်ပြီး ပျားအုံဆောက်ကြပါတယ်။
တစ်ခါတစ်လေ အသုံးမပြုဘဲ ပစ်ထားတာကြာပြီဖြစ်တဲ့ စက်ဘီး ချိန်းကြိုးအဖုံးတွေထဲဝင်ပြီး ပျားအုံဝင်လုပ်တာမျိုးလည်း ရှိပါတယ်။ လူတွေက မသိဘဲနဲ့ စက်ဘီးကို ရွေ့လိုက်တာမျိုး လုပ်ရင် အထဲက ပျားတူတွေထွက်ပြီး တုပ်တတ်ပါတယ်။
ပန်းခြံထဲမှာ အပင်စိုက်တဲ့အိုးတွေကို မသုံးရင် သိမ်းဆည်းထားတာလိုမျိုး ပျားတွေ နှစ်သက် သဘောကျတတ်တဲ့ နေရာတွေ ဖန်တီးပေးထားတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ကြပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၄ ပျားအုံတွေကို တွေ့တဲ့အခါ

ဒီတစ်ကြိမ်မှာတော့ ပျားတူ (ဘဒူကောင်.スズメバチ) တွေနဲ့ တွေ့တဲ့အခါ ဒါမှမဟုတ် ပျားအုံတစ်အုံနားကနေ ဖြတ်သွားတဲ့အခါမျိုးမှာ ဘာလုပ်သင့်သလဲ ဆိုတာ ကြည့်ကြရအောင်။
ပျားတူတွေဟာ သူတို့ပျားအုံနား လူတစ်ဦးဦးချဉ်းကပ်မိသွားတဲ့အခါ သူတို့ဟာ သတိအနေအထားနဲ့ နေကြပြီး အနားလာသူကို ရစ်ဝဲပျံသန်းနေတတ် ပါတယ်။ ဥယျာဉ်ထဲ အလုပ်လုပ်နေတုန်း ပျားတွေ ကိုယ့်အနားမှာ ပျံဝဲတာမျိုးပြုမူလာတာကို တွေ့တယ်ဆိုရင် အဲဒီအနီးနားမှာ ပျားအုံတစ်အုံ ရှိနေတတ်တာကြောင့် သတိထားဖို့ လိုပါတယ်။
ပျားတူတွေဟာ သူတို့ပိုင်နက်ကို ကျူးကျော်လာတယ်ထင်ရင် သူတို့ရဲ့မေးချင်းရိုက်ပြီး ကလစ်ကလစ်ဆိုတဲ့ အသံထုတ်ကာ သူတို့နားမလာအောင် ခြောက်လှန့်တတ်ပါတယ်။ ပျားတူရဲ့ အသံကြားပြီး ကိုယ့်အနားမှာ ပျား ချဉ်းကပ်လာတဲ့အခါ လန့်ပြီး လက်ခါလိုက်တာလိုမျိုး ရုတ်တရက် လှုပ်ရှားမှုမျိုးကို ရှောင်ကြဉ်ပါ။
တကယ်လို့ ပျားကိုလန့်ပြီး လက်နဲ့ လျှောက်ရိုက်ရင်းခါရင်း ပျားအုံကို လက်နဲ့ထိမိသွားတယ်ဆိုရင် သူတို့က ကိုယ့်ကို ရန်သူအဖြစ် မှတ်ယူသွားပြီး ပစ်မှတ်ထားတိုက်ခိုက်ပါလိမ့်မယ်။
ပျားတူတွေဟာ လှုပ်ရှားနေတဲ့အရာတွေကို တိုက်ခိုက်တတ်တဲ့အလေ့ ရှိတာကြောင့် ရုတ်တရက် ထွက်ပြေးတာ ဒါမှမဟုတ် လှုပ်ရှားတာမျိုးကို ရှောင်ပါ။ ပျားတူရှိတဲ့နေရာကနေ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာဖို့ ကြိုးစားပါ။
ပျားအုံတစ်အုံကို တွေ့မိတယ်ဆိုရင် အနားမကပ်မိဖို့ ကြိုးစားပါ။ တက်ကြွလှုပ်ရှားနေတဲ့ ပျားတူတွေကို ထပ်နှိုးဆွတာမျိုး မလုပ်မိအောင် သတိထားပါ။ ပျားအုံကိုဖယ်ရှားချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ပညာရှင်ကို ခေါ်ပြီး နှိမ်နင်းပါ။
မိမိနေထိုင်ရာမြို့နယ်စတဲ့ ဒေသန္တရအုပ်ချုပ်ရေးရုံး ဒါမှမဟုတ် ပြည်သူ့ကျန်းမာရေးဌာနတွေကို အရင်ဆုံး ဆက်သွယ်အကြောင်းကြားပြီး ဆွေးနွေးပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၅ ကိုယ့်ကိုယ်ပျားလာမတုပ်အောင် ဘယ်လိုကာကွယ်ရမလဲ

ဒီတစ်ကြိမ်မှာတော့ ပျားတူ (ဘဒူကောင်.スズメバチ) တွေ အတုပ် မခံရအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။
ဘဒူကောင်တွေဟာ သူတို့ကို နှိုးဆွတဲ့ အပြုအမူမျိုး သွားမလုပ်ဘူးဆိုရင် လာပြီး တိုက်ခိုက်ဖို့ ခဲယဉ်းပါတယ်။ အဲဒါကြောင့် ပျားအုံအနီးနားမှာရှိရင် ကျယ်ကျယ်လောင်လောင် ဆူညံသံတွေ မလုပ်မိဖို့ လိုပါတယ်။ ပျားအုံလှုပ်သွားအောင် မလုပ်မိဖို့လည်း အရေးကြီးပါတယ်။
ဒါ့အပြင် ပျားတွေဟာ အနက်ရောင် အရာဝတ္ထုတွေအပေါ် အလွန် ရန်လိုတယ်လို့ ဆိုကြပါတယ်။ ဘဒူကောင်တွေ၊ ပျားတွေ ရှိနိုင်တဲ့နေရာတွေနား သွားတဲ့အခါ ပျားတုပ်ခံရတဲ့အန္တရာယ်နည်းအောင် အနက်ရောင်ကို ရှောင်ပြီး အရောင်နုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ဆံပင်အနက်ဆိုရင် ဆံပင်ကို အရောင်နုတဲ့အဝတ်နဲ့ အုပ်ထားပါ။ အသားကို ပျားမတုတ်မိအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။
ရေမွှေး အမွှေးနံ့သာတွေကလည်း ပျားတွေကို စွဲဆောင်တာကြောင့် ရေမွှေးဖြန်းတာ ဒါမှမဟုတ် ဆံပင်ဖြန်းဆေး ဖြန်းတာ၊ လိမ်းတာ နဲ့ အမွှေးနံ့သာပါတဲ့ အလှပြင်ပစ္စည်းတွေသုံးတာ ရှောင်ရှားပါ။
ချိုမြိန်တဲ့ရနံ့တွေကလည်း ပျားတွေ နှစ်သက်တာမို့ အပြင်မှာ အချိုရည်၊ ဖျော်ရည်တွေကို သောက်တဲ့အခါ သူတို့ရဲ့အစာအဖြစ် ယူဖို့ လာတတ်တဲ့အတွက် သတိထားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၆ ပျားတူတုပ်ခံရပြီဆိုရင် ဘာလုပ်သင့်သလဲ

ဒီတစ်ကြိမ်မှာတော့ ပျားတူ (ဘဒူကောင်.スズメバチ) တွေ အတုပ်ခံရရင် ဘာတွေလုပ်သင့်တယ် ဆိုတာကို လေ့လာကြည့်ကြရအောင်။
ဘဒူကောင် အကိုက်ခံရပြီဆိုရင် နောက်ထပ်ဘဒူကောင်တွေ အများကြီး ဝိုင်းအုံတုပ်တာ ခံရနိုင်ပါတယ်။ ပျားတူရှိတဲ့ ဧရိယာကနေ တတ်နိုင်သမျှ အမြန်ဆုံးရှောင်ပြေးပါ။
အဲဒီနောက် ပျားတုပ်ခံရတဲ့နေရာကို လက်နဲ့ညှစ်ပြီး အဆိပ်ထုတ်ပါ။ တုပ်ခံရတဲ့နေရာကို ရေနဲ့သန့်စင်အောင် ဆေးပစ်ပါ။ အတုပ်ခံရတဲ့နေရာက အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာမျိုးကို ရှောင်ရှားပါ။ ပါးစပ်ထဲမှာ အာခံတွင်းနာ ဒါမှမဟုတ် ခံတွင်းထဲမှာပေါက်ပြဲနေတဲ့ အနာမျိုးရှိနေရင် အဲဒီနေရာကနေ အဆိပ်တွေ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်ပျံ့နှံ့သွားနိုင်ပါတယ်။ အဆိပ်စုပ်ထုပ်တဲ့ ကိရိယာတွေရှိရင် အသုံးပြုပါ။ ပျားဆိပ်ထုတ်တဲ့ပစ္စည်းတွေကို Outdoor သွားရင်သုံးတဲ့ပစ္စည်းနဲ့ အားကစား ပစ္စည်းအရောင်းဆိုင်တွေမှာ ရနိုင်ပါတယ်။
ဘဒူကောင်အတုပ်ခံရရင် ဓာတ်မတည့်တုံ့ပြန်မှုကြောင့် အင်ပျဉ်တွေ ထွက်လာတတ်ပါတယ်။ တခြား အသက်ရှူကြပ်တာလိုမျိုး အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာ စတဲ့အန္တရာယ်ရှိတဲ့ လက္ခဏာတွေပေါ်လာသလား ဆိုတာကို သတိထား စောင့်ကြည့်ပါ။ ဒီလိုလက္ခဏာတွေပေါ်လာရင် အရေးပေါ်လူနာတင်ကားကို ချက်ချင်းခေါ်ပါ။ အထူးသဖြင့် အရင်တုန်းက ပျားတစ်ခါ တုပ်ခံခဲ့ရဖူးသူ ဖြစ်ခဲ့တယ်ဆိုရင် အန္တရာယ်ရှိတဲ့လက္ခဏာတွေ ပေါ်လာရင် သေဆုံးတတ်ပါတယ်။ Anaphylactic shock ဓါတ်မတည့်လို့ ရှော့ခ်ရတယ်ဆိုတာ ရုတ်တရက် သတိလစ်မေ့မျောနိုင်လောက်တဲ့ အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်တာမျိုး ဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ အသက်ရှူကြပ် သေဆုံးနိုင်ပါတယ်။
အလာဂျီ ဆိုင်ရာကျွမ်းကျင်သူတွေ၊ အရေပြားအထူးကု ဆရာဝန်တွေနဲ့ တခြားဆေးဘက်ဆိုင်ရာဌာနတွေမှာ ပျားအဆိပ်နဲ့ ဓာတ်မတည့်မှုရှိသလား စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ အင်းဆက်ကောင်တွေတုပ်ခြင်း/ကိုက်ခြင်း၊ အစားအစာ၊ ဆေးနဲ့ တခြားအရာတွေကြောင့် ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်ကာ Anaphylactic shock ရတဲ့ အရေးပေါ်အခြေအနေမျိုး ဖြစ်တယ်ဆိုရင် မြန်မြန်သက်သာစေမယ့် Epinephrine (အပီနပ်ဖရင်း) ဆေးကိုထိုးတာ၊ သောက်တာတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ လုပ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၇ ပျားတူတုပ်ခံရဖူးသူတွေ ကိုရိုနာ ကာကွယ်ဆေးထိုးလို့ ရသလား

ဒီတစ်ကြိမ်မှာတော့ ပျားတူ (ဘဒူကောင်.スズメバチ) အတုပ် ခံရဖူးရင် ကိုရိုနာကာကွယ်ဆေးထိုးတဲ့အခါ ဘေးထွက်ဆိုးကျိုးရှိ နိုင်သလား ဆိုတာကို လေ့လာကြည့်ကြရအောင်။
ဘဒူကောင် အကိုက်ခံရဖူးသူတချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးထိုးပြီးနောက် မေ့မျောလောက်တဲ့အထိ အပြင်းအထန် ဓာတ်မတည့်မှု Anaphylactic shock ဖြစ်မှာကို စိုးရိမ်နေကြပါ တယ်။
ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာအရ ပျားတုပ်ခံရပြီး ဓာတ်မတည့်မှုကြောင့် အလာဂျီ ဖြစ်ဖူးသူတွေလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံနိုင်တယ် လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှု တစ်ခုခု ဖြစ်မဖြစ်သိရှိရအောင် ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက် ချက်ချင်းမပြန်ဘဲ အဲဒီနေရာမှာပဲ နားနေခန်းမှာ အနည်းဆုံး မိနစ် ၃၀ ကြာအောင် ခတ္တစောင့်ကြည့်ပြီးမှ ပြန်ကြဖို့ လိုပါတယ်။
ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်ရင် မြန်မြန်သက်သာစေမယ့် Epinephrine (အပီနပ်ဖရင်း) ဆေးကို ချက်ခြင်းထိုးပေးမယ်ဆိုရင် Anaphylactic shocks ပြင်းထန်တဲ့ ဓါတ်မတည့်တာမျိုး ဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်မှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးမထိုးခင် ဆရာဝန်က လိုအပ်တာတွေ မေးမြန်းတဲ့အခါ ကိုယ့်မှာဓာတ်မတည့်တာ တစ်ခုခုရှိရင် ဆရာဝန်ကို သေချာ အသိပေးပြောထားဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။