လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

PCF နဲ့ ရာသီပေါ်တုပ်ကွေး ဖြစ်ပွားမှုတွေ မြင့်တက်လာခြင်း

အပိုင်း−၁ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK က မျှဝေပေးနေပါတယ်။ အခုနှစ် ဂျပန်မှာ ရာသီပေါ်တုပ်ကွေး အဖြစ်များနေပါတယ်။ အဓိကအားဖြင့် ကလေးငယ်တွေအကြား pharyngoconjunctival fever (PCF) ကူးစက် အဖျားရောဂါ အဖြစ်များနေပါတယ်။
အခုပထမဆုံး တုပ်ကွေးကူးစက်မှု အခြေအနေကို ကြည့်ကြရအောင်။
ဂျပန်မှာ ပုံမှန်အားဖြင့် ရာသီပေါ်တုပ်ကွေးဖြစ်ပွားတဲ့ ရာသီဟာ ဒီဇင်ဘာလကနေ မတ်လအတွင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ နှစ်ထဲမှာတော့ စက်တင်ဘာလကတည်းက ဂျပန်တစ်ဝန်းလုံး တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းက ဆေးဘက်ဆိုင်ရာဌာန ဆေးရုံဆေးခန်း ၅၀၀၀ လောက်မှာ စက်တင်ဘာလ ၂၄ ရက်အထိ (၇) ရက်တာကာလအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၅,၀၂၁ ဦးရှိခဲ့တယ်လို့ ဂျပန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာဌာနတွေက ဆိုပါတယ်။ ဆေးဘက်ဆိုင်ရာဌာနတစ်ခုမှာ တုပ်ကွေးလူနာ အရေအတွက် (၁၀)ဦး ကျော်လာတာနဲ့တစ်ပြိုင်နက် ရောဂါကူးစက်မှုဟာ “သတိပေးချက်ထုတ်တဲ့အဆင့်” ကို ရောက်ရှိသွားပြီး လာမယ့်သီတင်းပတ် (၄)ပတ်အတွင်း ဒီကူးစက်မှုအဆင့်ဟာ ကြီးကြီးမားမား ပြန့်ပွားလာနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။
ဒေသအလိုက်ကြည့်မယ်ဆိုရင် တောင်ပိုင်းခရိုင် အိုကီနာဝါက ကူးစက်မှု အများဆုံးပါ။ ဆေးဘက်ဆိုင်ရာဌာနတစ်ခုမှာ ပျမ်းမျှအားဖြင့် လူနာ ၂၂ ဦး ကျော် ရှိတယ်လို့ အစီရင်ခံထားပြီး၊ အဲဒီနောက် ချိဘ ခရိုင်မှာ ၁၅ ဦးကျော်နဲ့ အဲဟိမဲ ခရိုင်မှာ ၁၄ ဦးကျော် ရှိတယ်လို့ သိရပါတယ်။
တိုကျိုအပါအဝင် စုစုပေါင်းခရိုင် (၉) ခုမှာ အလားတူကာလအတွင်း ဆေးဘက်ဌာနတစ်ခုမှာ အဲဒီလူနာ ၁၀ ဦး ကျော် ရှိတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဆေးဘက်ဆိုင်ရာဌာနတစ်ခုမှာ ပျမ်းမျှအားဖြင့် ရာသီပေါ် တုပ်ကွေးလူနာ ၇.၀၉ ဦး ရှိခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၂ ရာသီပေါ်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးခြင်း

(インフルエンザ) လို့ခေါ်တဲ့ ရာသီပေါ်တုပ်ကွေးရောဂါ ဆိုင်ရာ ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။
တုပ်ကွေးမဖြစ်အောင် ကာကွယ်ဆေး ထိုးကြဖို့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက အောက်တိုဘာလ အစောပိုင်းကစပြီး စတင် နှိုးဆော်လာခဲ့ပါတယ်။ The Japanese Association for Infectious Disease (ဂျပန်ကူးစက်ရောဂါများဆိုင်ရာအဖွဲ့) ကလည်း ရာသီပေါ် တုပ်ကွေး မဖြစ်အောင်ကာကွယ်ဆေးထိုးကြဖို့ လူတွေကို တိုက်တွန်း နေပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင်းမှာ ရာသီပေါ်တုပ်ကွေးရောဂါ ကြီးကြီးမားမား ဖြစ်ပွားမှု မရှိသေးဘူးလို့ အဲဒီအသင်းက ပြောပါတယ်။ ဒါ့ကြောင့် လူအများအပြားဟာ တုပ်ကွေးမကူးစေတဲ့ ကိုယ်ခံစွမ်းအားကျဆင်းနေပြီး အထူးသဖြင့် ကိုယ်ခံစွမ်းအားနည်းတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ မှာ ရောဂါပိုးကို ခံနိုင်ရည်စွမ်းအား ပိုနည်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ရာသီပေါ်တုပ်ကွေးဟာ ဖြစ်ပွားနေကျ ပုံမှန်အချိန်မှာသာမကဘဲ တခြားအချိန်တွေမှာလည်း အကြီးအကျယ် ကူးစက်ပျံ့နှံ့လာနိုင်တယ် လို့ အဲဒီ အသင်းကစိုးရိမ်ကြောင်း သတိပေး ပြောကြားထားပါတယ်။ ရာသီပေါ်တုပ်ကွေးနဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်တို့ တစ်ပြိုင်နက်တည်း တောင် ကူးစက်ပျံ့နှံ့နိုင်တာကို စိုးရိမ်နေတယ်လို့ အဲဒီ အသင်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို အတူတူထိုးလည်းပဲ ထိရောက်မှုဟာ သိသိသာသာကြီး ကျဆင်းသွားတာမျိုး မရှိတဲ့အတွက် ဘေးကင်းတယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာန က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၃ PCF ကူးစက်အဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK က မျှဝေပေးနေပါတယ်။
အခုတစ်ကြိမ်မှာ PCF ကူးစက်အဖျားရောဂါဖြစ်ပွားမှု အခြေအနေကို လေ့လာပါမယ်။
PCF ကူးစက်အဖျားရောဂါဟာ ကလေးငယ်တွေမှာ မကြာခဏ ကူးစက်တာ တွေ့ရလေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကြောင့် အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ကိုယ်အပူချိန် ကြီးတာနဲ့ မျက်မြှေးရောင်ရမ်းပြီး မျက်စိနာတာတွေ ဖြစ်ပါတယ်။ လတ်တလော ရောဂါပိုး ကူးစက်ခံရတဲ့ လူနာအရေအတွက်ဟာ ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ် လာနေတယ်လို့ The National Institute of Infectious Diseases (နိုင်ငံ့ကူးစက်ရောဂါဆိုင်ရာဌာန) က ထုတ်ပြန်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စက်တင်ဘာလ ၂၄ ရက်အထိ ၇ ရက်တာကာလအတွင်း ကလေးအထူးကုဆေးခန်းပေါင်း ၃၀၀၀ လောက်မှာလာပြတဲ့ ကူးစက်လူနာပေါင်း ၄,၁၂၆ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ အရင်သီတင်းပတ်ကနဲ့စာရင် ကူးစက်မှု ၄၁၃ ခု လျော့ကျသွားတယ်ဆိုပေမဲ့ ကူးစက်မှုမြင့်မား နေတုန်းပဲလို့ ဆိုနိုင်ပါတယ်။
ဆေးခန်းတစ်ခုမှာ လူနာအရေအတွက် ၃ ဦးထက်ကျော်တယ်ဆိုရင် ကူးစက်မှုဟာ “သတိပေးချက်ထုတ်တဲ့အဆင့်” ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒေသအလိုက်ကြည့်မယ်ဆိုရင် Fukuoka ခရိုင်မှာ အများဆုံးဖြစ်ပြီး ဆေးခန်းတစ်ခုမှာ ကူးစက်လူနာ ၄.၄၄ ဦးရှိပါတယ်။ အဲဒီနောက် အိုကီနာဝါခရိုင်မှာ ၃.၆၁ ဦးရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Mie National ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဆေးရုံအုပ်ဒေါက်တာ Taniguchi Kiyosu က နွေရာသီအားလပ်ရက် တွေ အတွင်းမှာ တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ခဲ့ပြီး ကျောင်းတွေစဖွင့်ချိန်မှာ ကူးစက်မှုနှုန်းဟာ မြင့်တက်လာတယ်လို့ ပြောပါတယ်။ ရောဂါကူးစက်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခု အထိ ဆက်လက် ဖြစ်နေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၄ PCF ကူးစက်ပုံနဲ့ မကူးစက်အောင်ကာကွယ်နည်းများ

အခုတစ်ကြိမ်မှာ PCF အဖျားရောဂါပိုး ကူးစက်ပြန့်ပွားပုံ လမ်းကြောင်းနဲ့ မကူးစက်အောင်ဘယ်လိုကာကွယ်တားဆီးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာပါမယ်။
PCF ရောဂါပိုးရှိနေသူ တစ်ဦးဦးက ချောင်းဆိုးလိုက်တာ ဒါမှမဟုတ် နှာချေလိုက်တာကနေ ပျံ့လွှင့်ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိတာကတစ်ဆင့် PCF အဖျားရောဂါပိုး လေထဲကနေ ကူးစက်နိုင်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုး ကပ်နေတဲ့ လက် ဒါမှမဟုတ် လက်ချောင်းတွေနဲ့ ပါးစပ်ကို ထိတွေ့မိ၊ ပွတ်မိတာကနေ ခံတွင်းထဲကို ပိုးဝင်သွားပြီးလည်း ရောဂါကူးစက်နိုင်ပါတယ်။ PCF အဖျားရောဂါဟာ အလွန်ကူးစက်လွယ်ပြီး ရောဂါပိုးရှိသူသုံးထားတဲ့ မျက်နှာသုတ်ပဝါကို အတူသုံးမိတာကနေလည်း ပိုးကူးနိုင်ပါတယ်။
ကိုယ်နေထိုင်တဲ့ဝန်းကျင်မှာ PCF ကူးစက်အဖျားရောဂါ ပြန့်ပွားနေတယ်ဆိုရင် ကြိုတင်ကာကွယ်တားဆီးနိုင်အောင် လုပ်သင့်တဲ့ အစီအမံတွေကို လုပ်ဆောင်ပါ။ တကယ်လို့ PCF ကူးစက်ခံရပြီဆိုရင် စွန့်ထုတ်အညစ်အကြေး (မစင်) ကနေ တစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားတတ်တာမို့ အိမ်သာတက်ပြီးရင် အညစ်အကြေးတွေကို သေချာသန့်စင်ပါ။ လက်ဆေးတာအပါအဝင် ပိုးသတ်တာစတဲ့ သန့်ရှင်းရေးတွေ စနစ်တကျလုပ်ဆောင်ပါ။
Mie National ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဆေးရုံအုပ်ကြီး ဒေါက်တာ Taniguchi Kiyosu က ရောဂါကူးစက်ခံရပြီးတဲ့နောက် အော့အန်တာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာနဲ့ ဆေးရုံဆေးခန်းကိုသွားပါ ဒါမှမဟုတ် လူနာက အစာ ဒါမှမဟုတ် အရည် မဝင်တော့တဲ့အခါ ဆရာဝန်သွားပြသင့်တယ်လို့ ပြောထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း-၅ ကျွမ်းကျင်ပညာရှင်ရဲ့အကြံပေးချက်များ

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK က မျှဝေပေးနေပါတယ်။
အခုတစ်ကြိမ်မှာ ကလေးတွေအကြား ရောဂါကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့နဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်ရဲ့ အကြံပြုချက်တွေကို လေ့လာပါမယ်။
ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင် Mie National Hospital က ဒါရိုက်တာ Taniguchi Kiyosu က ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်တုန်းက ဗိုင်းရပ်စ်ပိုးအမျိုးမျိုးဟာ တစ်လှည့်စီ ကူးစက်ပျံ့နှံ့လေ့ ရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးနောက် ဒီနှစ်မှာတော့ ဗိုင်းရပ်စ်အမျိုးမျိုးက တစ်ပြိုင်နက်တည်း ကူးစက်ပျံ့နှံ့လာပြီး ဖြစ်ပွားမှုပုံစံက သိသိသာသာ ပြောင်းလဲလာတယ်လို့ သူက ပြောပါတယ်။
အိမ်မှာနေရင်း လုပ်ဆောင်နိုင်တဲ့ ကြိုတင်ကာကွယ်မှု အနေနဲ့ ကိုယ့်ကျန်းမာရေးအခြေအနေကောင်းနေအောင် ဂရုစိုက်ပါလို့ ဒါရိုက်တာ Taniguchi က ပြောပါတယ်။ အိပ်ရေးဝအောင် ကောင်းကောင်းအိပ်စက် အနားယူကြဖို့ အကြံပြုထားပါတယ်။ လက်တွေကို သေချာဆေးကြောတာ၊ နှာခေါင်းစည်း တပ်တာကို ပုံမှန်လုပ်ဖို့နဲ့ မအီမသာဖြစ်တဲ့အခါ၊ နေလို့မကောင်းဖြစ်တဲ့အခါ ကျောင်းနားပါ ဒါမှမဟုတ် ကလေးငယ်လေးတွေကို နေ့ကလေးထိန်း ကျောင်းပို့တာတွေကို ရှောင်ကြဉ်ကြဖို့လည်း သူက ဖြည့်စွက် အကြံပေးထားပါတယ်။
ကာကွယ်ဆေးထိုးပြီးကာကွယ်လို့ရတဲ့ ရောဂါပိုးမျိုးဆိုရင် ကာကွယ် ဆေးထိုးထားကြဖို့ အကြံပြုလိုတယ်လို့ သူက ဆိုပါတယ်။ ကာကွယ်ဆေးထိုးထားမှသာ ရောဂါပိုးကူးစက်ခံရရင်တောင် ရောဂါလက္ခဏာပြင်းပြင်းထန်ထန် မဖြစ်ပွားစေနိုင်ဘူး လို့ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။